တိုက်ပွဲများကြောင့် နောက်တစ်ကြိမ် ထွက်ပြေးတိမ်းရှောင်ရသည့် နမ်ဆန်ယန်နေရပ်ပြန် စစ်ရှောင်များ

146
ဓါတ်ပုံ- ၂၀၁၈ ခုနှစ်က နမ်ဆန်ယန်စစ်ရှောင်များ နေရပ်ပြန်ခဲ့ကြစဉ်။

ဇူလိုင်၊၄

ဝိုင်းမော်-လိုင်ဇာလမ်းပေါ်က နမ်ဆန်ယန် ကျေးရွာအနီးမှာ ဖြစ်ပွားနေတဲ့ တိုက်ပွဲတွေကြောင့် ဒေသခံတွေဟာ နီးစပ်ရာနေရာတွေဆီ ပြန်လည်တိမ်းရှောင်နေရပါတယ်။

နေရပ်ပြန်ခဲ့တာ ၄ နှစ်ကျော်လောက်ပဲ ရှိသေးတဲ့အချိန်မှာ အခုလိုထပ်မံတိမ်းရှောင်ရတာဟာ အုပ်ချုပ်သူတွေအပေါ် ယုံကြည်မှုကင်းမဲ့စေတယ်လို့ နမ်ဆန်ယန်ကျေးရွာနေ စစ်ရှောင်အမျိုးသားတစ်ဦးက မြစ်ကြီးနားသတင်းဂျာနယ်ကို ပြောပါတယ်။

“တောကြီးမြက်မည်းခြုံတွေကို ပြန်လာပြီး ခုတ်ထွင်းရှင်းလင်းယူခဲ့ရတာ။ တချို့ဆို မျိုးစေ့တောင် မချနိုင်သေးဘူး။ အခုလိုစိုက်တောင် မစိုက်နိုင်ခင် ပြေးရတာဆိုတော့ စိတ်ထဲမှာ တစ်မျိုးကြီးတော့ ခံစားရတာပေါ့။ လူဖြစ်တဲ့အတွက် စိတ်ထဲမှာ ခံစားရတာတော့ ရှိတယ်။ ဘယ်ဘက်ကိုမှမယုံကြည်တော့တဲ့ စိတ်ဝင်သွားပြီ”လို့ ဆိုပါတယ်။

မနေ့ကဇူလိုင်လ ၃ ရက်နေ့မှာ ကချင်လွတ်လပ်ရေးတပ်မတော်(KIA) နဲ့ စစ်ကောင်စီတို့ တိုက်ပွဲတွေ ပြန်လည်ဖြစ်ပွားနေတာကြောင့် တစ်ချို့က နီးစပ်ရာ ဆွေမျိုးအသိုင်းအဝိုင်းတွေဆီကို ထွက်ပြေးတိမ်းရှောင်သွားကြပြီး ဒေသခံအိမ်ထောင်စု ၄၆ စုကတော့ ဝိုင်းမော်မြို့မှာရှိတဲ့ ကက်သလစ်ဘုရားကျောင်းနဲ့ မော်ဒူးပါကျေးရွာက KBC ဘုရားကျောင်းဝင်းမှာတော့ အိမ်ထောင်စု ၃၀ လောက် သွားရောက်ခိုလှုံနေကြပြီလို့ သိရပါတယ်။

ဓါတ်ပုံ- ၂၀၁၈ ခုနှစ်က နမ်ဆန်ယန်စစ်ရှောင်များ နေရပ်ပြန်ခဲ့ကြစဉ်။

တိုက်ပွဲကြောင့် ဗန်းမော်လမ်းဘက်ကို သွားလမ်းခွင့်ပိတ်ပင်ထားပြီး ဒေသခံပြည်သူတစ်ချို့ ဖြတ်သန်းဖို့လုပ်တဲ့အချိန် စစ်ကောင်စီက ပစ်ခတ်လိုက်တာကြောင့် ဒေသခံတစ်ဦး ဒဏ်ရာရခဲ့တယ်လို့လည်း သိရပါတယ်။

လက်ရှိနမ်ဆန်ယန်ကျေးရွာအနီးမှာ ဖြစ်ပွားနေတဲ့ တိုက်ပွဲနဲ့ပတ်သက်ပြီး စစ်ကောင်စီခန့် ကချင်ပြည်နယ်ဝန်ကြီးချုပ်ဦးခက်ထိန်နန်က

“မနက်ဖြန်၊သန်ဘက်ခါလောက်မှာ ငြိမ်သွားမယ်လို့တော့ သုံးသပ်တယ်။ ဘယ်လိုအကြောင်းကြောင့် စဖြစ်လာတယ်ဆိုတာကလည်း အတိအကျ မသိတဲ့အတွက် သေချာအစီစဉ်ဆွဲပြီး ဖြစ်ကြတာ မဟုတ်လောက်ဘူးလို့ ထင်တဲ့အတွက် မနက်ဖြန်၊ သန်ဘက်ခါလောက်မှာ ငြိမ်သွားမယ်လို့တော့ သုံးသပ်ပါတယ်။”လို့ ပြောပါတယ်။

ပြည်နယ်ကောင်စီအဖွဲ့အနေနဲ့ ဝိုင်းမော်မြို့ ကက်သလစ်ဘုရားကျောင်းမှာတိမ်းရှောင်လာကြတဲ့သူတွေကို လိုအပ်တဲ့အစားအသောက်တွေ သွားရောက် ထောက်ပံ့ပေးခဲ့တယ်လို့လည်း ဦးခက်ထိန်နန်က ပြောပါတယ်။

အခုလို နမ်ဆန်ယန်ကျေးရွာအနီးမှာ တိုက်ပွဲဖြစ်ပွားနေရဟာ နမ်ဆန်ယန်ကျေးရွာအတွင်း စစ်ကောင်စီက စခန်းချနေထိုင်လိုတဲ့အတွက်ကြောင့် ဖြစ်နိုင်တယ်လို့ ကချင်လွတ်လပ်ရေးအဖွဲ့အစည်း(KIO/KIA) သတင်းနဲ့ပြန်ကြားရေးတာဝန်ခံ ဗိုလ်မှူးကြီးနော်ဘူက မြစ်ကြီးနားသတင်းဂျာနယ်ကို သုံးသပ်ပြောကြားထားပါတယ်။

လိုင်ဇာခရိုင်အတွင်း စစ်ကောင်စီတပ်ကနေ စစ်ရေးလှုပ်ရှားမှုတွေ ဆက်တိုက်ပြုလုပ်နေတဲ့အတွက် ပြည်သူတွေအနေနဲ့ သတိထားသွားလာဖို့ လိုင်ဇာခရိုင် KIO အုပ်ချုပ်ရေးရုံးကလည်း ဒီကနေ့ ဇူလိုင်လ ၄ ရက်နေ့ ရက်စွဲနဲ့ စာထုတ်ပြန်ထားပါတယ်။

ဗန်းမော်-မြစ်ကြီးနား ကားလမ်း တစ်လျှောက် ထွက်သွားထွက်လာ ပြုလုပ်နေတာတွေကို အတတ်နိုင်ဆုံး သတိထားရှောင်ကြဖို့နဲ့ ကား၊ ဆိုင်ကယ်၊ ခြေကျင်နဲ့ မဖြစ်မနေ သွားလာရမယ့် အခြေအနေဆိုရင် စစ်ရေးအခြေအနေ သတင်းတွေကို စုံစမ်းပြီးမှ သွားလာကြဖို့ ထုတ်ပြန်ထားတာဖြစ်ပါတယ်။

နမ်ဆန်ယန်ကျေးရွာ ဒေသခံတွေဟာ ၂၀၁၁ ခုနှစ်က KIA နဲ့ မြန်မာစစ်တပ်တို့ရဲ့ တစ်ကျော့ပြန်တိုက်ပွဲတွေကြောင့် ထွက်ပြေးတိမ်းရှောင်ခဲ့ရတာဖြစ်ပြီး ၂၀၁၈ ခုနှစ်က အိမ်ထောင်စု ၂၀၀ ကျော် ကျေးရွာအတွင်း ပြန်လည်နေထိုင်နေကြတာ ဖြစ်ပါတယ်။

ဓါတ်ပုံ- ၂၀၁၈ ခုနှစ်က နမ်ဆန်ယန်စစ်ရှောင်များ နေရပ်ပြန်ခဲ့ကြစဉ်။

 

LEAVE A REPLY

Please enter your comment!
Please enter your name here