ဒီဇင်ဘာ ၁၃
စစ်ကိုင်းတိုင်းဒေသကြီး၊ အင်းတော်မြို့နယ်ထဲက စစ်ကောင်စီရဲ့မော်လူးမြို့မရဲစခန်းကို တော်လှန်ရေး မဟာမိတ်တပ်ပေါင်းစုအဖွဲ့က ဒီကနေ့မနက် ၆ နာရီဝန်းကျင်လောက်မှာ ရဲစခန်းအပါ လက်နက်အများအပြားကို တိုက်ခိုက်သိမ်းယူနိုင်ခဲ့တယ်လို့ Indaw Revolution-IR က သိရပါတယ်။
အလင်းဝင်ဖို့ သတိပေးတာကို လက်မခံကြတဲ့အတွက် တော်လှန်ရေးမဟာမိတ် တပ်ပေါင်းစုအဖွဲ့ဖြစ်တဲ့ မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများဒီမိုကရက်တစ်တပ်ဦး (ABSDF) တပ်ဖွဲ့နဲ့ KPDF တပ်ဖွဲ့တို့က ပူးပေါင်းတိုက်ခဲ့တာဖြစ်တယ်လို့ Indaw Revolution -IR ရဲ့ တာဝန်ရှိသူက မြစ်ကြီးနားသတင်းဂျာနယ်ကို ပြောပါတယ်။
“သူတို့ကို ဒီဘက်ကနေ အလင်းဝင်ဖို့အတွက် ခေါ်တယ်၊ ပြောတယ်။ ဒါပေမဲ့ သူတို့အနေနဲ့ လက်မခံဘူး။ နောက်ပြီးတော့ ရဲစခန်းအတွင်းမှာ သေနက်မဖောက်နဲ့ ပြည်သူကို ခြိမ်းခြောက်တာတွေ မပြုလုပ်နဲ့ ပြောတယ်။ ဒါပေမဲ့သူတို့က မူးလာလို့ရှိရင် သေနတ်တွေဘာတွေ ဖောက်တာပေါ့။ အဲဒါကြောင့် ဒီဘက်ကနေ သိမ်းလိုက်တာပါ။”လို့ အထက်ပါတာဝန်ရှိသူက ဆိုပါတယ်။
ရဲတပ်သားအင်အား အယောက် ၃၀ ဝန်းကျင်လောက်ရှိတဲ့ ရဲစခန်းကို ဒီမနက်ပိုင်း ၂ နာရီလောက်မှာ စတင်တိုက်ခိုက်ပြီး ၆ နာရီဝန်းကျင်လောက်မှာ ရဲစခန်းနဲ့ လက်နက်ခဲယမ်းအများအပြားကို သိမ်းယူနိုင်ခဲ့တယ်လို့သိရပါတယ်။
တိုက်ပွဲအတွင်း ရဲတပ်သား ၆ ယောက် သေဆုံးတဲ့အပြင် ၃ ယောက်ကို ဖမ်းဆီးရမိခဲ့ပြီး ထွက်ပြေးသွားကြတဲ့ ရဲတပ်သားတွေကိုလည်း လိုက်လံဖမ်းဆီးတာတွေ၊ နယ်မြေရှင်းလင်းရေး လုပ်ဆောင်တာတွေ ပြုလုပ်နေတယ်လို့လည်း ဆက်လက်ဆိုပါတယ်။
စခန်းသိမ်းပြီးနောက် ၇ နာရီကျော်လောက်မှာတော့ စစ်ကောင်စီက လေယာဉ်နဲ့ ဈေးထဲအတွင်း ဗုံးနှစ်လုံးပစ်ချပြီး လေယာဉ်ပေါ်ကနေ စက်သေနတ်တွေနဲ့ပါ ပစ်ခတ်တိုက်ခိုက်တာတွေ ပြုလုပ်ခဲ့တယ်လို့ သိရပါတယ်။
အဲဒါကြောင့်ဈေးဆိုင်ခန်းတွေ ပျက်စီးသွားတဲ့အပြင် ကုန်စုံဆိုင်ပိုင်ရှင် အမျိုးသားတစ်ဦးလည်း ဗုံးစမှန်ပြီး ထိခိုက်ဒဏ်ရာ ရရှိခဲ့တယ်လို့ သိရပါတယ်။
တိုက်ပွဲကြောင့် မော်လူးမြို့နေ ပြည်သူတွေကတော့ မနက် ၅ နာရီဝန်းကျင်းလောက်မှာ အားလုံးနီးပါး ထွက်ပြေးတိမ်းရှောင်သွားကြပြီး အခုထိ မြို့ထဲကို ပြန်လည် ဝင်ရောက်လာတာ မရှိသေးဘူးလို့ သိရပါတယ်။
အခုရက်ပိုင်းမှာ စစ်ကောင်စီကနေ ရွာသားတွေရဲ့ ဖုန်းတွေကို လိုက်လံစစ်ဆေးတာတွေ၊ မူးယစ်ဆေးဝါးသုံးစွဲသူတွေကို ဖမ်းဆီးတာတွေပြုလုပ်ပြီး ဖမ်းခံရတဲ့ မူးယစ်ဆေးဝါးသုံးစွဲသူတွေကို ပိုက်ဆံနဲ့ ပြန်ရွေးခိုင်းတာမျိုးတွေ ပြုလုပ်နေကြတယ်လို့ လည်း သိရပါတယ်။
စစ်ကောင်စီက အင်တာနက်လိုင်းတွေအပြင် ဖုန်းလိုင်းတွေကိုလည်း ဖြတ်ထားတဲ့အတွက် အခုရက်ပိုင်းမှာ ပြည်သူလူထုတွေ အခက်အခဲကြုံနေရတယ်လို့ ဆိုပါတယ်။
အင်းတော်မြို့နယ်အတွင်းမှာရှိတဲ့ ရဲစခန်းတွေဖြစ်တဲ့ အင်းတော်မြို့မရဲစခန်း၊ မဲဇာရဲစခန်းနဲ့ မော်လူးမြို့မရဲစခန်း ၃ ခုထဲက တစ်ခုကို တော်လှန်ရေးမဟာမိတ်တပ်ပေါင်းစုအဖွဲ့က တိုက်ခိုက်သိမ်းပိုက် ယူနိုင်ခဲ့တာဖြစ်ပါတယ်။
ဒါအပြင် တော်လှန်ရေးမဟာမိတ်တပ်ပေါင်းစုအဖွဲ့က စစ်ကိုင်းတိုင်းဒေသကြီးအတွင်းက ကောလင်းမြို့၊ ခမ်းပတ်မြို့နဲ့ ရွှေပြည်အေးမြို့ကိုလည်း တိုက်ခိုက်သိမ်းပိုက်ယူထားနိုင်ပြီ ဖြစ်ပါတယ်။
ဓါတ်ပုံ- ပြည်သူ့ကာကွယ်ရေးတပ်ဖွဲဝင်အချို့(ပုံဟောင်း)
Credit- Indaw Revolution-IR







