ဒီဇင်ဘာ၊ ၂၀
စစ်ကိုင်းတိုင်းဒေသကြီး၊ မော်လူးမြို့ကို တော်လှန်ရေးမဟာမိတ်တပ်ပေါင်းစုအဖွဲ့က ထိန်းချုပ်နိုင်ခဲ့ပြီးနောက် ပြည်သူ့အုပ်ချုပ်ရေးစနစ်စတင်နေပြီလို့ မော်လူးဒေသခံတွေဆီက သိရပါတယ်။
ဒီကနေ့ ဒီဇင်ဘာလ ၂၀ ရက်နေ့မှာတော့ မြို့ရပ်မိ၊ ရပ်ဖတွေကို ဌာနဆိုင်ရာကိစ္စတွေ လွဲပြောင်းပေးနေပြီး ပြုလုပ်ပြီး ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့က မော်လူးမြို့နဲ့ မြို့နေ ပြည်သူလူထုတွေ လုံခြုံရေးကို အဓိကဦးစားပေး လုပ်ဆောင်နေတယ်လို့ မော်လူးမြို့ တော်လှန်ရေး ရဲဘော်တစ်ဦးက ပြောပါတယ်။
“မော်လူးမြို့က ရှင်းရှင်းပြောမယ်ဆိုရင် ထွေထွေထူးထူးအုပ်ချုပ်ရေးက အဲဒီလောက်အထိ လုပ်စရာမလိုဘူးဗျ။ ဘာလို့လည်းဆိုရင် ဟိုအရင်ကတည်းက လွတ်မြောက်နယ်မြေလို ဖြစ်နေတာပေါ့။ ရဲစခန်းတစ်ခုပဲရှိတယ်။ ကျန်တာက ဘာမှအလုပ်မလုပ်ဘူးပေါ့။”လို့ ဆိုပါတယ်။
ဒါ့အပြင် မြို့ပေါ်က စစ်ရှောင်သွားတဲ့ ပြည်သူတွေရဲ့ နေအိမ်တွေလည်း ဖောက်ထွင်းခံထားကြရတာကြောင့် လုံခြုံရေးကိုအဓိကထား လုပ်ဆောင်နေတာဖြစ်တယ်လို့လည်း ဆက်လက်ပြောပါတယ်။
NUG အစိုးရအနေနဲ့ ပြည်သူတွေကို ကာကွယ်နိုင်တဲ့၊ အုပ်ချုပ်နိုင်တဲ့ အဖွဲ့အစည်းတစ်ခု ဟုတ်မဟုတ်ဆိုတာကို ဆက်လက်စောင့်ကြည့်ရမယ်လို့ မော်လူးမြို့ဒေသခံအမျိုးသမီးတစ်ဦးက ပြောပါတယ်။
“ပြည်သူတွေအပေါ်မှာ ဘယ်လောက်ထိ ကာကွယ်မှုပေးနိုင်မလဲ။ လုံခြုံမှုပေးနိုင်မလဲ။ အဲဒီလိုမျိုးကိုလည်း ကျွန်မတို့ ကြည့်ရဦးမှာပေါ့လေ။ ပြည်သူတစ်ယောက်အနေနဲ့ ဘယ်လောက်ထိ လုံလုံခြုံခြုံ နေလို့ရမလဲဆိုတာကို ကြည့်ရမှာပေါ့။ ကျွန်မတို့အနေနဲ့ အပြည့်အဝထောက်ခံတယ်။ ပြည်သူ့တွေ လုံလုံခြုံခြုံနေနိုင်ဖို့ မျှော်လင့်တာပေါ့လေ။”လို့ ဆိုပါတယ်။
အာဏာရှင်စနစ်ကို မလိုလားတာဖြစ်တဲ့အတွက် အခုလို ကိုယ်လိုလားတဲ့ ပြည်သူ့အုပ်ချုပ်ရေးစနစ်ကို NUG အနေနဲ့ အကောင်ထည်ဖော်ဆောင်ရွက်ပေးတာနဲ့ မော်လူးမြို့ကို ပြည်သူ့အုပ်ချုပ်ရေးစနစ် ပြောင်းလဲပေးတဲ့အပေါ် ဝမ်းသာမိကြောင်းလည်း ဆက်လက်ပြောပါတယ်။
တော်လှန်ရေးမဟာမိတ်တပ်ပေါင်းစုအဖွဲ့ဟာ လွန်ခဲ့တဲ့ ဒီဇင်ဘာလ ၁၃ ရက်နေ့မှာ မော်လူးရဲစခန်းကို တိုက်ခိုက်သိမ်းပိုက်ခဲ့ပြီးနောက် ၁၅ ရက်နေ့မှာတော့ ပြည်သူ့အုပ်ချုပ်ရေးစနစ်ကို စတင်လိုက်တာပဲဖြစ်ပါတယ်။
ခုရက်ပိုင်းမှာတော့ တည်ငြိမ်နေပြီဖြစ်ပေမဲ့ မြို့ရဲ့လူဦးရေ သုံးပုံနှစ်ပုံလောက်(အများပိုင်း) က စစ်ကောင်စီရဲ့ လေကြောင်းတိုက်ခိုက်မှုတွေရှိလာမှာ စိုးရိမ်တာကြောင့် မြို့ထဲကို ပြန်မလာရဲကြသေးဘူးလို့လည်း အထက်ပါတော်လှန်ရေးရဲဘော်က ဆက်လက်ပြောပါတယ်။
အိမ်ခြေ ၃,၀၀၀ ဝန်းကျင်လောက်ရှိပြီး လူဦးရေ တစ်သောင်းကျော်လောက်နေထိုင်တဲ့ မြို့ထဲက နေအိမ်တွေမှာတော့ ကျန်းမာရေးမကောင်းတဲ့သူတွေနဲ့ ပြေးလွှားနိုင်ခြင်းမရှိတဲ့ သက်ကြီးရွယ်အိုတွေပဲ ကျန်ခဲ့တယ်လို့လည်း သိရပါတယ်။
အာဏာသိမ်းပြီးနောက်ပိုင်း မော်လူးမြို့မှာ တခြားအုပ်ချုပ်ရေးယန္တရားတွေ အားလုံးရပ်တန့်သွားခဲ့ပြီး ဆက်လက်လည်ပတ်နေတဲ့ ဌာနဆိုလို့ စစ်ကောင်စီရဲ့ လက်အောက်ခံ ရဲစခန်းတစ်ခုသာ ရှိတာဖြစ်တဲ့အတွက် တော်လှန်ရေးမဟာမိတ်တပ်ပေါင်းစုအဖွဲ့က အဲဒီရဲစခန်းကို တိုက်ခိုက်သိမ်းပိုက်လိုက်ခဲ့တာကြောင့် တစ်မြို့လုံးကို ထိန်းချုပ်နိုင်တဲ့ အခြေအနေကို ရောက်ရှိသွားတာဖြစ်တယ်လို့ ဆိုပါတယ်။







