ကာမိုင်းမြို့အတွင်း စစ်ကောင်စီတပ်သားတွေ အင်အားအလုံးအရင်းနဲ့ စစ်ရေးလှုပ်ရှားမှုပြုလုပ်‌နေ

224

 

ဇန်နဝါရီ၊၁၀

ဖားကန့်မြို့နယ်၊ ကာမိုင်းမြို့အတွင်း စစ်ကောင်စီတပ်သားတွေ အင်အားအလုံးအရင်းနဲ့ စစ်ရေးလှုပ်ရှားမှု ပြုလုပ်နေတဲ့အတွက် တိုက်ပွဲဖြစ်ပွားလာမှာကို ဒေသခံတွေ စိုးရိမ်နေကြပါတယ်။

ဇန်နဝါရီလ ၈ ရက်နေ့က စစ်ကောင်စီတပ်သားအင်အား ၃၀ လောက် ဝတ်စုံအပြည့်အစုံနဲ့ လက်နက်ကိုင်ဆောင်ပြီး မြို့တွင်းလမ်းကြောင်းအပြင် တောခိုလှုပ်ရှားမှုတွေ ရှိနေတယ်လို့ ကာမိုင်းဒေသခံပြည်သူတစ်ဦးက မြစ်ကြီးနားသတင်းဂျာနယ်ကို ပြောပါတယ်။

“မြို့ပတ်တယ်။ သင်္ချိုင်းနားအထိ ပတ်တာတွေ ရှိတယ်။ ဘယ်အချိန်ကနေ စထွက်လေ့ရှိတယ်ဆိုတာတော့ မသိဘူး“လို့ ဒေသခံက ဆိုပါတယ်။

ဒါ့အပြင် အထက်ပါ စစ်ကောင်စီတပ်သားတွေဟာ ကာမိုင်းဗျူဟာကုန်းဘက်က တပ်သားတွေဖြစ်ပြီး အခုလို လှည့်ပတ်သွားလာနေတာဟာ လုံခြုံရေးအရ ကင်းလှည့်တဲ့သဘော ဖြစ်နိုင်တယ်လို့ ဆိုပါတယ်။

အခုလို စစ်ကောင်စီတပ်သားတွေ လှုပ်ရှားသွားလာနေတဲ့အတွက် အချိန်မရွေး တိုက်ပွဲဖြစ်လာနိုင်တဲ့ အခြေအနေရှိနေတာကြောင့် ဒေသခံပြည်သူတွေ စိုးရိမ်နေရတယ်လို့လည်း အထက်ပါဒေသခံရဲ့ ထပ်မံပြောပြချက်အရ သိရပါတယ်။

“စစ်ရေးအခြေအနေ မကောင်းလို့ ကာမိုင်းကို ကာကွယ်တဲ့သဘော ကြိုတင်လုပ်တဲ့ သဘောလို့မြင်တယ်။ စိုးရိမ်တာပေါ့။ ရွာထဲမှာကိုနေတာ ဆိုတော့။ စစ်ဖြစ်လာရင် ပြည်သူတွေထိမှာ စိုးတယ်။ အချိန်မရွေးတိုက်ပွဲ ဖြစ်လာနိုင်တော့“လို့ ဒေသခံက ပြောပါတယ်။

နောက်ထပ်ကာမိုင်း ဒေသခံပြည်သူတစ်ဦးရဲ့ ပြောပြချက်အရလည်း အထက်ပါ စစ်ကောင်စီတပ်သားတွေဟာ နေ့၊ ည လှည့်ပတ်သွားလာနေတာရှိတယ်လို့ သိရပါတယ်။

လက်ရှိအချိန် ကာမိုင်း-ဖားကန့်လမ်းပေါ် က နန့်တိန်းကျေးရွာမှာ ဇန်နဝါရီလ ၆ ရက်နေ့ကတည်းက ကချင်လွတ်လပ်ရေးတပ်မတော်(KIA)၊KPDF ပူးပေါင်းအဖွဲ့နဲ့ စစ်ကောင်စီတပ်တို့ တိုက်ပွဲဖြစ်ပွားနေပြီး စစ်ရေးပြင်းထန်နေတာလည်း ဖြစ်ပါတယ်။

၂၀၂၃ ခုနှစ် မေလအတွင်းကလည်း ကာမိုင်းဗျူဟာကုန်းဘက်ကို စစ်ကိုင်းဘက်ကနေတပ်ပြောင်းလာတဲ့ စစ်ကောင်စီတပ်မ ၃၃ တပ်သားတွေရောက်ရှိခဲ့ပါတယ်။

ဒါ့အပြင် လက်ရှိအချိန်မှာ ကာမိုင်းမြို့ ကောင်ရာရပ်ကွက်က မူလတန်းကျောင်းရှေ့မှာ ဂိတ်စခန်းချ နေထိုင်နေတဲ့ ပြည်သူ့စစ်တပ်သားတွေကလည်း ဂိတ်ရှေ့ကနေ ဖြတ်သန်းသွားလာတဲ့ ကားတွေကို ပိုက်ဆံကောက်ခံနေတဲ့အပြင် မသင်္ကာတဲ့ လမ်းသွားလမ်းလာ ပြည်သူတွေကိုလည်း တားဆီးစစ်ဆေးမှု ပြုလုပ်နေတယ်လို့ သိရပါတယ်။

 

LEAVE A REPLY

Please enter your comment!
Please enter your name here