ဇန်နဝါရီ၊ ၁၀
နိုင်ငံရဲ့ ငြိမ်းချမ်းရေးကိုဖော်ဆောင်တဲ့အခါ နိုင်ငံရေးနည်းလမ်းအရ တွေ့ဆုံညှိနှိုင်း အဖြေရှာမှသာ အောင်မြင်မှုရနိုင်မယ်လို့ အာဏာသိမ်းစစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ပြောဆိုလိုက်ပါတယ်။
ဒီနေ့ ဇန်နဝါရီလ ၁၀ ရက်နေ့မှာ ကျရောက်တဲ့ (၇၇) နှစ်မြောက် ကချင်ပြည်နယ်နေ့အတွက် ပေးပို့တဲ့ သဝဏ်လွှာမှာ မင်းအောင်လှိုင်က အဲဒီလို ပြောဆိုထားတာလည်း ဖြစ်ပါတယ်။
ဒါ့အပြင် ပြည်ထောင်စုငြိမ်းချမ်းရေးအတွက် ဒီမိုကရေစီနဲ့ လွှတ်တော်လမ်းကြောင်းပေါ်ကို လျှောက်ဖို့လိုတယ်လို့လည်း မင်းအောင်လှိုင်က ပြောပါတယ်။
ဒါပေမဲ့ မြေပြင်မှာတော့ စစ်ကောင်စီဟာ အာဆီယံဘုံသဘောတူညီချက်ဖြစ်တဲ့အကြမ်းဖက်မှုတွေ ချက်ခြင်းရပ်ရမယ်ဆိုတဲ့ အချက်ကိုမလိုက်နာဘဲ ပြည်သူလူထုရှိတဲ့ နေရာတွေကို လေကြောင်းကနေ နေ့စဉ်လိုလို ဗုံးကြဲတိုက်ခိုက်နေတာလည်း ဖြစ်ပါတယ်။
အခုအချိန်မှာတော့ ကချင်လွတ်လပ်ရေးတပ်မတော် KIA) က ထိုးစစ်စတင်တဲ့ ၂၀၂၄ ခုနှစ် မတ်လကနေ စစ်ကောင်စီစခန်းပေါင်း ၃၁၀ ကျော်ကို သိမ်းပိုက်ထားပြီး ဒီရက်ပိုင်းထဲမှာလည်း မံစီမြို့ကို သိမ်းပိုက်ထားပါတယ်။
ဒါ့အပြင် ကချင်ပြည်နယ်ရဲ့ ဒုတိယမြို့တော်ဖြစ်တဲ့ ဗန်းမော်မြို့မှာလည်း တိုက်ပွဲတွေဖြစ်ပွားနေပြီး တိုက်ပွဲကာလဟာလည်း တစ်လကျော်လာပါပြီ။
NUG ရဲ့ သယံဇာတနဲ့ သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေး ဝန်ကြီး ဒေါက်တာတူးခေါင်ကတော့ ဗန်မော်မြို့တိုက်ပွဲဟာ အောင်မြင်မှုအထိုက်အလျောက် ရရှိနေပြီလို့ ရေးသားထားတာလည်း တွေ့ရပါတယ်။
ပုံစာ – ၂၀၂၃ ခုနှစ်၊ နှစ်လယ် မြန်မာ့ကျောက်မျက်ရတနာပြပွဲ ဖွင့်ပွဲကို မင်းအောင်လှိုင်တက်ရောက်ခဲ့စဉ်/ Photo – MOI







