မြစ်ကြီးနား၊ ဇွန် ၂၄
ပထမဦးဆုံး အကြိမ် ကျင်းပသည့် Miss International kachin state 2019 ပြိုင်ပွဲကြီးကို မြစ်ကြီးနားမြို့၊ မနောင်ကွင်း(မဂျွယ်ခန်းမ)တွင် ဇွန်လ ၂၂ ရက်က ကျင်းပခဲ့ပြီး ကချင်ပြည်နယ်ကိုယ်စားပြု အလှမယ် ငါးဦးကို ရွေးချယ်ခဲ့သည်။
အဆိုပါပြိုင်ပွဲကို Stellar Seven Entertainment ၏ ခွင့်ပြုချက်ဖြင့် ယင်းပြိုင်ပွဲကို ကျင်းပခြင်း ဖြစ်ပြီး ပြိုင်ပွဲတွင် ကချင်ပြည်နယ်ကိုယ်စားပြု အလှမယ်Winner ငါးဦးကို ရွေးချယ်ခဲ့သည့် အပြင် Title ဆု ၄ ဆုတို့ကိုလည်း ချီးမြှင့်ခဲ့သည်။
ကချင်ပြည်နယ်ကိုယ်စားပြု အလှမယ်အဖြစ် ဆိုင်းဘူ၊ L ပရီဂျား၊ ဒွဲနူးနူးနန်၊ ဆိုင်းရော်၊ ဆီလီမီး အလှမယ် ငါးဦးမှ ရွေးချယ်ခြင်း ခံရပြီး ၎င်းတို့မှ ရန်ကုန်မြို့တွင် ကျင်းပမည့် Miss Internatioanl Myanmar 2019 ပြိုင်ပွဲသို့ ဆက်လက်၍ ယှဉ်ပြိုင်ရမည်ဖြစ်သည်။
Miss International Kachin State 2019 ပြိုင်ပွဲ၌ Winner ဆုအပြင် Title ဆုများအဖြစ် Miss Popular ဆုကို ဆိုင်းရော်က ရရှိပြီး၊ Miss Congeniality award ကို Treza ဆိုင်းပန်၊ Miss Photogenic award ကို ခင်မီမီကျော်၊ The best Talent award ကို ဆိုင်းဘူတို့မှ ရရှိခဲ့သည်။
ကချင်ပြည်နယ် ကိုယ်စားပြုအလှမယ် ဖြစ်ခွင့်ရသောကြောင့် ပျော်ရွှင်မိကြောင်းနှင့် ဆက်လက် ယှဉ်ပြိုင်ရမည့် Miss International Myanmar 2019 ပြိုင်ပွဲကြီးတွင်လည်း အကောင်းဆုံး ယှဉ်ပြိုင်သွားမည် ဖြစ်ကြောင်း Winner အလှမယ် ဆီလီမီးက မြစ်ကြီးနားသတင်း ဂျာနယ်သို့ ပြောသည်။
“အရှေ့မှာ ပြိုင်ပွဲတွေရော ပြိုင်ခဲ့ဖူးတယ်။ ဒါပေမဲ့ မရခဲ့ဘူး။ ညီမ အားမလျှော့ဘဲနဲ့ ဒီပြိုင်ပွဲကို ဆက်လက်ယှဉ်ပြိုင်ခဲ့ပြီး အခုလို ရတဲ့အတွက် အရမ်းပျော်ပါတယ်”ဟု သူမက ပြောသည်။
ကချင်ပြည်နယ် ကိုယ်စားပြုအဖြစ် ဆက်လက်ယှဉ်ပြိုင်မည့် အလှမယ်ငါးဦးကို Talent ပိုင်း၊ Presentation အတွက် အင်္ဂလိပ်စကားပြောများနှင့် Cat Walk ပိုင်းဆိုင်ရာများကို ပြန်လည် လေ့ကျင့်ပေးနေကြောင်း Regional Director Ah Brang က ပြောသည်။
Winner ရရှိသော အလှမယ်များသည် ရန်ကုန်မြို့သို့ ဆက်လက်ယှဉ်ပြိုင်သည့်အခါ Winner ဆု ထပ်မံရရှိပါက ဂျပန်နိုင်ငံတွင် ကျင်းပမည့် Miss International Beauty Pageant 2019 ပြိုင်ပွဲကြီးသို့ သွားရောက်ယှဉ်ပြိုင်ခွင့်နှင့် ပြည်တွင်း၊ ပြည်ပတွင် ကျင်းပသော ခရီးသွားပြပွဲများ၌ မြန်မာနိုင်ငံ ကိုယ်စားပြုအဖြစ် တက်ရောက်ခွင့် အခွင့်အရေးများကိုလည်း ရရှိမည်ဖြစ်ကြောင်း သိရသည်။
Benadeth