ဂိတ်ကြေးပေးဆောင်ရတာ များတာကြောင့် မြစ်ကြီးနား- ပူတာအိုလမ်း ပြုပြင်ပေးစေလို

141
ဓါတ်ပုံ- ပျက်စီးနေသည့် မြစ်ကြီးနား-ပူတာအို လမ်းပိုင်းတစ်နေရာ။

 

စက်တင်ဘာ၊၁၆

မြစ်ကြီးနား-ပူတာအိုလမ်းပိုင်း ပျက်စီးမှုတွေကြောင့် ကုန်ပစ္စည်းတင်ကားတွေ တိမ်းမှောက်မှု မကြာခဏ ဖြစ်ပေါ်နေပြီး ကချင်လွတ်လပ်ရေးတပ်မတော်(KIA)နဲ့ စစ်ကောင်စီတို့ နှစ်ဖက်တပ်အနေနဲ့ မိမိစိုးမိုးရာ နေမြေဧရိယာအတွင်းက ပျက်စီးနေတဲ့လမ်းတွေကို ပြုပြင်ပေးစေလိုတယ်လို့ ကားသမားတစ်ဦးက ပြောပါတယ်။

လက်ရှိ မြစ်ကြီးနား-ပူတာအို လမ်းပိုင်း ဆယ်နေရာလောက်မှာ လမ်းပျက်စီးတာတွေ ဖြစ်ပေါ်နေပြီး တစ်ပတ်အတွင်း ကား ၇ စီးလောက် တိမ်းမှောက်ခဲ့တယ်လို့ ကားသမားတစ်ဦးက မြစ်ကြီးနားသတင်းဂျာနယ်ကို အခုလိုပြောပါတယ်။

ကားကဝိတ်များတဲ့အပြင် လမ်းပါပျက်နေတော့ အတိမ်းအစောင်းဖြစ်ပြီး မှောက်တာပေါ့။ ပိုက်ဆံ ကောက်တာလည်း ကောက်ပေါ့။ ကိုယ်စိုးမိုးတဲ့ နေရာမှာ ကိုယ်တာဝန်ယူပြီး ပြင်ပေးရင်တော့ ကောင်းတာပေါ့။ အခွန်ကောက်တာပဲ မဟုတ်ဘဲနဲ့ ပြင်ပေးတာပါ လုပ်ပေးရင် ကောင်းတယ်လို့ မြင်တယ်လို့ ဆိုပါတယ်။

ကားလမ်းပျက်စီးတဲ့ တစ်ချို့နေရာတွေမှာ သဲကျောက်ဖို့တာတွေ လုပ်ဆောင်နေပေမဲ့ ပျက်စီးနေတဲ့ လမ်းဟာ အများအပြား ရှိနေဆဲဖြစ်တယ်လို့ သိရပါတယ်။

ဒါ့အပြင် ကားသမားတွေအနေနဲ့ မြစ်ကြီးနား-ပူတာအို လမ်းပိုင်းမှာ နှစ်ဖက်တပ်ကို ပေးဆောင်ရတဲ့ ဂိတ်ဖြတ်ကြေးအခွန်ဟာ တစ်ဂိတ်ကို အနည်းဆုံး ကျပ် ငါးထောင်ကနေ နှစ်သောင်းလောက်အထိ ရှိတာကြောင့် ပူတာအို အရောက်ဆိုရင် ဂိတ်ကြေးစုစုပေါင်း တစ်သိန်းကျော်လောက် ပေးဆောင်နေရတာလည်း ဖြစ်ပါတယ်။

အနည်းဆုံး တစ်သိန်းငါးသောင်း၊ တစ်သိန်းခြောက်သောင်း အဲဒီလို ပေးရတယ်။ တစ်ခါတစ်လေ နှစ်သိန်းကျော်သွားတာလည်း ရှိတယ်။ သောင်းပဲ ရှိတာလည်း ရှိတယ်။ ကောက်တာလည်း မတူဘူး။ ဘယ်ဟာကို ဘယ်လောက်ကောက်မယ်ဆိုတာ သူတို့ဆီမှာ စာရင်းရှိပြီးသားတော့ ဟုတ်တယ်။ လူမတူရင် မတူသလို လျော့လိုက်၊ တိုးလိုက် ဖြစ်သွားတာပေါ့။ တစ်ချို့ဂိတ်တွေတော့ မကောက်ဘူး။လို့ အထက်ပါ ကားသမားက ဆိုပါတယ်။

ကားသမားတွ အနေနဲ့ ကားကြီးကွင်းမှာ အရင်ကလို တင်ဆောင်မယ့် ပစ္စည်းစာရင်းကို တင်ပြပြီး ဓာတ်ဆီ၊ ဒီဇယ်၊ မူးယစ်ဆေး မသယ်ဆောင်ဘူးဆိုတဲ့ ဝန်ခံကတိစာရွက်နဲ့ တင်ပြီးနောက် တစ်နေ့ကို ပုံမှန် အစီး ၅၀ ဝန်းကျင်လောက် ပူတာအိုဘက် တက်ခွင့်ရနေပြီလို့လည်း သိရပါတယ်။

ကချင်လွတ်လပ်ရေးတပ်မတော်(KIA)ဂိတ်အချို့မှာလည်း မူးယစ်ဆေးဝါးတွေ ပါမပါ တားဆီးစစ်ဆေးတာတွေ ပြုလုပ်နေတယ်လို့ ပြောပါတယ်။

မြစ်ကြီးနား- ပူတာအို အသွားအပြန် စက်သုံးဆီစရိတ်ဟာ ခုနှစ်သိန်း နီးပါး ကုန်ကျတဲ့အပြင် ဂိတ်ကြေး ပေးဆောင်ရတာတွေပါ ရှိနေတဲ့အတွက် လမ်းပိုင်းဆိုင်ရာကိုတော့ သက်ဆိုင်ရာတွေကနေ တာဝန်ယူ ပြုပြင် ပေးဖို့ကို လိုလားနေကြတာပါ။

အဲဒီလို လမ်းပျက်စီးမှုကြောင့် ယာဉ်တိမ်းမှောက်ပြီး ကားသမားတစ်ဦး အသက်သေဆုံးမှု ရှိခဲ့တယ်လို့ ပြောဆိုနေကြပေမဲ့ မြစ်ကြီးနားသတင်းဂျာနယ်အနေနဲ့ သီးခြားအတည်ပြုနိုင်တာတော့ မရှိသေးပါဘူး။

တိုက်ပွဲကြောင့် မတ်လ ပထမအပတ်ကတည်းက ပိတ်သွားခဲ့တဲ့ မြစ်ကြီးနား- ပူတာအို ကားလမ်းဟာ ပြီးခဲ့တဲ့ ဇွန်လပိုင်းက နှစ်ဖက်အဖွဲ့အစည်းရဲ့ ခွင့်ပြုချက်အရ အစီးရေ အကန့်အသတ်နဲ့ သွားလာနေရာကနေ ရေကြီးရေလျှံဖြစ်ပြီး လမ်းပျက်သွားတဲ့နောက် အခုအချိန်ထိ ကုန်တင်ကားကြီးတွေ သွားလာဖို့ ခက်ခဲနေဆဲဖြစ်ပါတယ်။

 

LEAVE A REPLY

Please enter your comment!
Please enter your name here