အောက်တိုဘာ၊ ၁၀
ဝိုင်းမော်မြို့နယ်၊ နောင်ချိန်းကျေးရွာအတွင်းမှာ ဒေသခံတွေအပြင် ထောင်ချီတဲ့ စစ်ရှောင်တွေရှိနေတာကြောင့် နေ့စဉ်ထွက်သမျှ အမှိုက်တွေကို စနစ်တကျစွန့်ပစ်ဖို့ လိုအပ်နေပြီလို့ ဒေသခံတွေက ပြောပါတယ်။
ကျေးရွာအုပ်ချုပ်ရေး အဖွဲ့ကနေ ကျေးရွာအတွင်းက အမှိုက်တွေကို သွားရောက်စွန့်ပစ်လို့ရတဲ့ သတ်မှတ်နေရာဟာ ဝေးလံတာကြောင့် သွားမပစ်နိုင်တဲ့ အခြေအနေကို ရောက်ရှိနေတယ်လို့ နောင်ချိန်းကျေးရွာနေ ရပ်မိရပ်ဖတစ်ဦးက ပြောပါတယ်။
“အဲဒီတော့အခုက လမ်းမပေါ်မှာ အမှိုက်တွေပြန့်ကျဲနေတယ်။ မြစ်ဆိပ်မှာလည်း အမှိုက်တွေပုံလို့။ ပြီးတော့ ချောင်းနံဘေးတွေမှာလည်း အမှိုက်တွေချည်း ဖြစ်နေတော့ အခုလောလောဆယ်မှာ ဒီပြဿနာကို ဖြေရှင်းဖို့ ပထမဦးစားပေးအနေနဲ့ အရမ်းအရေးကြီးနေတယ်။“လို့ ဆိုပါတယ်။
နောင်ချိန်းကျေးရွာဟာ စည်ပင်ဧရိယာအတွင်းမှာ မရှိတာကြောင့် ဖြစ်နိုင်ရင် ရွာအတွင်းက စစ်ရှောင်စခန်းတိုင်းကို ရက်သတ်မှတ်ပြီး အမှိုက်တွေလိုက်လံသိမ်းယူနိုင်ဖို့အတွက် အမှိုက်ကားတစ်စီး လိုအပ်နေတာပါ။
ဒီအတိုင်းသာဆက်သွားရင် ရေရှည်မှာ မြစ်ရေ၊ ချောင်းရေတွေသာမက ကျေးရွာအတွင်းက မြေတွေလည်း ပျက်စီးသွားမှာကို စိုးရိမ်မိကြောင်းလည်း ဆိုပါတယ်။
အမှိုက်တွေကို စစ်ရှောင်စခန်းအနီးဝန်းကျင်မှာ မီးရှို့မယ်ဆိုရင်လည်း ညှော်နံ့တွေကြောင့် ကိုယ်ဝန်ဆောင်တွေ၊ ကလေးသူငယ်တွေနဲ့ အသက်ကြီးရွယ်အိုတွေ ကျန်းမာရေးထိခိုက်လာနိုင်တယ်လို့လည်း စစ်ရှောင်တွေက ပြောပါတယ်။
ဒါ့အပြင် နောင်းချိန်းကျေးရွာအုပ်စု၊ မလိမုန်ရာစစ်ရှောင်စခန်းက ထွက်တဲ့အမှိုက်တွေကိုလည်း စနစ်တကျစွန့်ပစ်ဖို့ လိုအပ်နေပြီလို့ စစ်ရှောင်အမျိုးသားတစ်ဦးက ပြောပါတယ်။
“ဒီဘက်မှာ ကျွန်တော်တို့ စစ်ရှောင်စခန်းတစ်ခုကပဲ မဟုတ်ဘူး။ စစ်ရှောင်စခန်းတိုင်းက အမှိုက်တွေလည်းရှိတယ်။ ပြီးတော့ ရွာခံတွေရဲ့အမှိုက်တွေကလည်းရှိသေး။ အဲဒီလိုရွာအတွင်း လူတွေပိုတိုးလာတော့ အမှိုက်တွေကို စနစ်တကျပစ်ဖို့ မရှိသေးဘူး။ ရွာအတွင်းက အမှိုက်ကျင်းတစ်ခု တူးထားတာရှိပေမဲ့ ဝေးတယ်။“လို့ အထက်ပါ စစ်ရှောင်အမျိုးသားက ဆိုပါတယ်။
အိမ်ထောင်စုတိုင်းက အမှိုက်တွေကို ဆိုင်ကယ်၊ သုံးဘီးတွေနဲ့ သွားပစ်ဖို့ဆိုရင်လည်း စက်သုံးဆီဈေး ကြီးမြင့်နေတာကြောင့် မတတ်နိုင်တဲ့ မိသားစုတွေကတော့ အနီးအနားမှာပဲ မီးရှို့လိုက်ကြသလို တချို့က မြစ်ကမ်းနံဘေးတွေမှာ သွားရောက်စွန့်ပစ်နေတယ်လို့ သိရပါတယ်။
နောင်းချိန်းကျေးရွာအတွင်းမှာတော့ ဒေသခံတွေအပြင် စစ်ရှောင်စခန်း ၂၀ လောက်က စစ်ဘေးရှောင် ၁၀,၀၀၀ ကျော်လောက် နေထိုင်ပါတယ်။
ပြီးခဲ့တဲ့ မတ်လအတွင်းက ဝိုင်းမော်မြို့နယ်အတွင်း တိုက်ပွဲတွေဖြစ်ပွားတာကြောင့် ဝိုင်းမော်မြို့ရဲ့ တောင်ဘက်ခြမ်း၊ ဧရာဝတီမြစ်တစ်လျှောက်ရှိကျေးရွာတွေက ဒေသခံတွေဟာ ရွာလုံးကျွတ် တိမ်းရှောင်ခဲ့ရတာပါ။
ဒါ့အပြင် ဝိုင်းမော်မြို့ပေါ်ရပ်ကွက်က ဒေသခံတွေအပါ မြို့အရှေ့ဘက်က ဝိုင်းမော် – ဝါရှောင်လမ်းတစ်လျှောက်ဘက်က ကျေးရွာတွေဒေသခံတွေလည်း တိမ်းရှောင်နေကြရတာ ဖြစ်ပါတယ်။
အထက်ပါ စစ်ရှောင်တွေဟာ မြို့ရဲ့မြောက်ဘက်ခြမ်း(ဗလမင်းထင်တံတားအထက်ပိုင်း)၊ ဧရာဝတီမြစ်တစ်လျှောက်က ကျေးရွာတွေဘက်သာမက ဂွေထုကျေးရွာဘက်အထိ သွားရောက်တိမ်းရှောင်နေကြရတာပါ။







