ကချင်အထူးဒေသ ၁ သိမ်းပိုက်အပြီး ဗန်းမော်မြို့သိမ်းတိုက်ပွဲပြင်းထန်နေချိန် တွေ့ဆုံဆွေးနွေးဖို့ တရုတ်က KIO ကို ဖိတ်ခေါ်

152

 

ဒီဇင်ဘာ၊၉

တရုတ်ကနေ တွေ့ဆုံဖို့ဖိတ်ခေါ်တာကြောင့် ကချင်လွတ်လပ်ရေးအဖွဲ့အစည်း(KIO/KIA) ဥက္ကဌ ဗိုလ်ချုပ်ကြီး အင်ဘန်လဦးဆောင်တဲ့အဖွဲ့ဟာ မနေ့က ဒီဇင်ဘာလ(၈)ရက်နေ့မှာ တရုတ်ပြည်ဘက်ကို ထွက်ခွာသွားပြီလို့ KIO/KIA သတင်းနဲ့ ပြန်ကြားရေးတာဝန်ခံ ဗိုလ်မှူးကြီးနော်ဘူက ပြောပါတယ်။

တရုတ်ရဲ့ ဖိတ်ခေါ်မှုကြောင့် သွားရောက်တွေ့ဆုံဖို့ ထွက်ခွာသွားတာ သတင်းမှန်ကန်ပေမဲ့ တွေ့ဆုံဆွေးနွေးမှု အပိုင်းနဲ့ပတ်သက်ပြီး ဘယ်အကြောင်းအရာကြောင့်ဆိုတာကိုတော့ မသိရှိရဘူးလို့ ဗိုလ်မှူးကြီးနော်ဘူက တစ်ဆက်တည်းမှာပဲ မြစ်ကြီးနားသတင်းဂျာနယ်ကို အခုလို ပြောပါတယ်။

ဘယ်မှာ ဆွေးနွေးမယ်ဆိုတာလည်း မကြားဘူး။ ဘာကိစ္စတွေ ဆွေးနွေးမယ်ဆိုတဲ့ အကြောင်းအရာလည်း ဘာမှ မကြားသိရပါဘူး။ သွားတာတော့ မှန်ပါတယ်လို့ ပြောပါတယ်။

လက်ရှိအခြေအနေမှာတော့ ဦးဇခုန်တိန်းယိန်း ဦးဆောင်အုပ်ချုပ်ခွင့်ရ ကချင်အထူးဒေသ(၁) တစ်ခုလုံးကို KIA ကနေ စက်တင်ဘာလ ၂၉ ရက်နေ့ကနေ စတင်တိုက်ခိုက်ခဲ့ပြီး တစ်လအကြာမှာ သိမ်းပိုက်နိုင်ခဲ့ပါတယ်။

ကချင်အထူးဒေသ(၁)ကို သိမ်းပိုက်အပြီး ဗန်းမော်မြို့နဲ့ မံစီအနီးတစ်ဝိုက် စစ်ကောင်စီတပ်စခန်းတွေဘက် ဒီဇင်ဘာလ ၄ ရက်နေ့ကနေ တိုက်ပွဲတွေ ဖြစ်ပွားလာနေတာလည်း ဖြစ်ပါတယ်။

အဲဒီလို ဗန်းမော်နဲ့ မံစီမြို့ အနီးတစ်ဝိုက် KIA ပူးပေါင်းတပ်ဖွဲ့တွေနဲ့ စစ်ကောင်စီတို့အကြား တိုက်ပွဲတွေ ပြင်းထန်နေချိန် တရုတ်ဘက်က အခုလို ဖိတ်ခေါ်လိုက်တာလည်း ဖြစ်ပါတယ်။

ပြီးခဲ့တဲ့ရက်ပိုင်းတွေက တရုတ်ဖိအားကြောင့် တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် (TNLA)နဲ့ မြန်မာအမျိုးသားဒီမိုကရက်တစ် မဟာမိတ်တပ်မတော်(MNDAA)တို့ဟာ အပစ်ရပ်ပြီး စစ်ကောင်စီတပ်နဲ့ တွေ့ဆုံညှိနှိုင်းမယ်လို့ အသီးသီးထုတ်ပြန်ထားကြပေမဲ့ KIA အနေနဲ့ လက်ရှိအခြေအနေအထိ တိုက်ပွဲတွေ ဆက်လက်ဖော်ဆောင်နေတာကို တွေ့ရှိရပါတယ်။

 

LEAVE A REPLY

Please enter your comment!
Please enter your name here