ဇန်နဝါရီ၊၂၆
ဖားကန့်မြို့နယ်၊ ဆိပ်မူကျေးရွာအုပ်စု၊ ဝှေခါကျေးရွာက စခန်းသိမ်းတိုက်ပွဲမှာ စစ်ကောင်စီဘက်က ၃၀ နီးပါး သေဆုံးခဲ့ပြီး စစ်လက်နက်ပစ္စည်းတွေလည်း သိမ်းဆည်းရမိခဲ့တယ်လို့ သိရပါတယ်။
ဝှေခါကျေးရွာက စစ်ကောင်စီတပ်စခန်းကို ကချင်လွတ်လပ်ရေးတပ်မတော်(KIA)၊KPDF ပူးပေါင်းတပ်တွေကနေ သွားတိုက်ခိုက်သိမ်းပိုက်ခဲ့တာဖြစ်ပြီး စစ်ကောင်စီတပ်သား ၂၄ ဦးထက်မနည်းသေဆုံးတယ်လို့ KIA တပ်မဟာ (၉)၊တပ်ရင်း(၆) တာဝန်ရှိသူတစ်ဦးက မြစ်ကြီးနား သတင်းဂျာနယ်ကို ပြောပါတယ်။
“သေတာက ၂၄ လောက်ရှိမယ်ထင်တယ်။ ကျွန်တော်စာရင်းကောက်ရတာလေနော်။ ဗုံးတွေလည်း ၇ ခု ၈ ခုလောက် ဖမ်းမိတယ်။ သေနတ်က ၂၀ ကျော် သိမ်းနိုင်ခဲ့တယ်။” လို့ တာဝန်ရှိသူက ဆိုပါတယ်။
KIA၊KPDFပူးပေါင်းတပ်တို့ တိုက်ခိုက်သိမ်းပိုက်ခဲ့တဲ့ စစ်ကောင်စီစခန်းကို မနေ့က နယ်မြေရှင်းလင်းရေး လုပ်ရာမှာလည်း မပေါက်ကွဲသေးတဲ့ လက်နက်ကြီးတွေ ရှာတွေ့ခဲ့တယ်လို့ ဖားကန့်ဒေသခံ အမျိုးသားတစ်ဦးက မြစ်ကြီးနား သတင်းဂျာနယ်ကို ပြောပါတယ်
“ မပေါက်ကွဲသေးတဲ့ ဗုံးတွေ ဟုတ်တယ်။ မြေကြီးကပ်နေတဲ့ မြှုပ်ထားတဲ့ဟာက လေယာဉ် ဗုံးတွေဟုတ်တယ်။ “လို့ အထက်ပါ အမျိုးသားက ပြောပါတယ်
တိုက်ပွဲကြောင့် ဝှေခါစခန်းက ထွက်ပြေးသွားတဲ့ စစ်ကောင်စီစစ်သားနဲ့ ရဲတပ်သား ၂၀ ကျော်ကိုလည်း KIA၊KPDF ပူးပေါင်းတပ်တို့ ဖမ်းမိထားတယ်လို့လည်း သိရပါတယ်။
ဇန်နဝါရီလ ၂၄ ရက်နေ့က ဝှေခါစစ်ကောင်စီတပ်စခန်းကနေ ထွက်ပြေးလာတဲ့ စစ်ကောင်စီတပ်သား ၄ ဦးအပြင် သူတို့ကိုင်ဆောင်ခဲ့တဲ့ သေနတ်တွေလည်း KIA ပူးပေါင်းတပ်တွေကနေ ဖမ်းဆီးမိခဲ့ပါတယ်။
ပြီးခဲ့တဲ့ ဇန်နဝါရီလ ၂၀ ရက်နေ့က ဝှေခါကျေးရွာက စစ်ကောင်စီတပ် တပ်စခန်းကို KIA ၊KPDF ပူးပေါင်းတပ်တွေကနေ တိုက်ခိုက်သိမ်းပိုက်ခဲ့တာ ဖြစ်ပါတယ်။
ဓါတ်ပုံ- ဝှေခါတိုက်ပွဲက မပေါက်ကွဲသေးတဲ့ ဗုံးသီးများ။







