နောင်နန်းတိုက်နယ်က ဘိုးဘွားရိပ်သာဖေးမဂေဟာတွင် ဆေးဝါးနှင့် ဆောင်းတွင်းသုံး အဝတ်အထည်များလိုအပ်

370

 

အောက်တိုဘာ၊ ၁၆

မြစ်ကြီးနားမြို့၊ နောင်နန်းတိုက်နယ်မှာဖွင့်လှစ်ထားတဲ့ ဘိုးဘွားရိပ်သာဖေးမဂေဟာမှာ နာတာရှည်နားမကျန်သူတွေ ရှိနေတဲ့အတွက် ဆေးဖိုးတွေလိုအပ်နေတဲ့အပြင် ဆောင်းတွင်းရောက်လာပြီဖြစ်တဲ့အတွက် စောင်နဲ့အနွေးထည်တွေ လုပ်အပ်နေတယ်လို့ သိရပါတယ်။

နားမကျန်းဖြစ်နေတဲ့ ဘိုးဘွားတွေ နေပြန်ကောင်းလာပြီး စိတ်ပျော်ရွှင်စေဖို့အတွက် မျှော်လင့်ချက်နဲ့ ကူညီပေးနေတာလို့ ဘိုးဘွားရိပ်သာဖေးမဂေဟာမှူး ဆရာလရှီးခွန်းဂမ်က ပြောပါတယ်။

သူတို့ကို ကျနော်တို့ ဆေးကုသပေးရင်တော့ ပြန်ကောင်းလာနိုင်မလား၊ သက်သာလာမလား၊ သူတို့လည်း စိတ်ချမ်းသာမှာပဲ။ ဘုရားသခင်နဲ့အတူဆိုရင် ဒီလိုသူတို့ခံစားနေရတဲ့ အနာရောဂါတွေကို ကျွန်တော်တို့က တတ်နိုင်သလောက် ကယ်တင်နိုင်မလားဆိုပြီး သူတို့ကို ဆေးကုပေးနေတာပါ။” လို့ ဆိုပါတယ်။

ပြုစုစောင့်ရှောင်မယ့်သူ မရှိတာကြောင့် အကူအညီမဲ့နေတဲ့ ဘိုးဘွားတွေကို သူတို့ရဲ့ နောက်ဆုံးအချိန်တွေမှာ စိတ်အားမငယ်ဘဲ စိတ်ချမ်းသာစွာ နေသွားနိုင်အောင်ဖွင့်လှစ်ပြီး စောင့်ရှောက်နေတာဖြစ်တယ်လို့လည်း အထက်ပါဂေဟာမှူးက ဆက်လက်ဆိုပါတယ်။

လက်ရှိအချိန် ဘိုးဘွားတွေအတွက် မြေနေရာ၊ စောင်၊ ဆေးဖိုးဝါးခတွေလိုအပ်နေပြီး ပေါင်းပြီးအတူနေခိုင်းလို့မရတဲ့ ဘိုးဘွားတွေရှိတဲ့အတွက် သီးသန့်အဆောင်တွေမှာ ထားရမှာဖြစ်တာကြောင့် အဆောင်တွေ ထပ်ဆောက်ဖို့ လိုအပ်နေတဲ့အပြင် ဆေးရုံဆေးခန်းသွားဖို့ ကားလည်းလိုအပ်တယ်လို့ ဂေဟာမှူးက ပြောပါတယ်။

ဆွေမျိုးအသိုင်းအဝိုင်းတွေက အနီးကပ်မကြည့်ရှု၊ မစောင့်ရှောင်နိုင်တဲ့အတွက် လာအပ်ထားတဲ့ ဘိုးဘွားတွေရှိသလို အကြောင်းအမျိုးမျိုးကြောင့် ကူညီစောင့်ရှောက်မယ့်သူ မရှိသူတွေကိုလည်း ဂေဟာကနေ အနီးကပ်စောင့်ရှောက်ဖို့ ခေါ်ယူတာမျိုးတွေ ရှိနေတာပါ။

တခြားလူမျိုးတွေ(ကချင်လူမျိုးစုမဟုတ်တဲ့သူတွေ)တောင် ဒီပြုစုစောင့်ရှောက်တဲ့ လုပ်ငန်းကို တစ်စိုက်မတ်မတ် ပြုလုပ်ကြပြီး သက်ကြီးရွယ်အိုတွေကို ကူညီပေးတဲ့အတွက် ကောင်းချီး(ကုသိုလ်)တွေ ခံစားရရှိကြတာကို တွေ့ရတဲ့အတွက် ဒီဂေဟာကို ဖွင့်လှစ်ရတာလို့လည်း ဂေဟာမှူးက ပြောပါတယ်။

“ကျနော်တို့ ယုံကြည်သူတွေဆီမှာလည်း ရှိကို ရှိရတော့မယ်ဆိုပြီး ဘုရားသခင်ရဲ့ နှုတ်ကပတ်တော်ကို ဟောပြောတာနဲ့ပဲမပြီးဘူး။ လက်တွေ့လုပ်ဆောင်တဲ့အပိုင်းဘက်ကို သွားရတော့မယ်ဆိုပြီး ဒီအရာကိုခံစားပြီး ဒုက္ခဆင်းရဲခံနေရတဲ့ သူတွေကို ဘယ်နှစ်ယောက်ပဲဖြစ်ဖြစ် ကယ်တင်နိုင်အောင် စိတ်ဆုံးဖြတ်ပြီး စတင်လုပ်ဆောင်လာတာဖြစ်ပါတယ်။”လို့ ဆိုပါတယ်။

ကချင်ပြည်နယ်မှာ အရင်က ဘိုးဘွားတွေကို ကူညီစောင့်ရှောက်တဲ့ နေရာတွေ မရှိတဲ့အတွက် ကူကယ်ရာမဲ့နေတဲ့ သက်ကြီးရွယ်အိုတွေ ဒုက္ခအမျိုးမျိုးနဲ့ သေဆုံးခဲ့ရတာကြောင့် ဒီလိုဂေဟာမျိုးတွေ ရှိသင့်တယ်လို့လည်း ဆက်လက်ပြောပါတယ်။

လတ်တလောမှာတော့ ပိုလီယိုဖြစ်နေတဲ့ ကလေးတစ်ဦး၊ လေဖြတ်နေတဲ့အဘွားတစ်ဦး၊ မှတ်ဉာဏ်ဆုံးရှုံးသူတစ်ဦး အပါအဝင် ဘိုးဘွားစုစုပေါင်း ၉ ယောက်ရှိတယ်လို့ သိရပြီး ကြည့်ရှုပြုစုပေးနေတဲ့ ဂေဟာမှူးအပါ ၅ ဦးရှိတယ်လို့ သိရပါတယ်။

အဲဒီဂေဟာကို လွန်ခဲ့တဲ့ ၆ လကျော်ကတည်းက ဖွင့်လှစ်ထားတာဖြစ်ပြီး မသန်စွမ်းသူတွေ၊ ခက်ခဲနေတဲ့သူတွေ၊ အကူအညီမဲ့နေတဲ့သူတွေနဲ့ ကျန်းမာရေးချို့တဲ့နေတဲ့ ဘိုးဘွားတွေကိုလက်ခံပြီး ကူညီပြုစုပေးနေတဲ့ ဂေဟာဖြစ်တယ်လို့ သိရပါတယ်။

ဂျော်ဘွမ် ဆုတောင်းတောင် မျှော်စင်သွားရာလမ်းမကြီးအနီး၊ (ဘောလုံးကွင်းကပ်လျက်)မှာရှိပြီး ကူညီပေးစေလိုတဲ့ သူတွေအနေနဲ့ ဂေဟာရဲ့ ဖုန်းနံပါတ် ၀၉ – ၇၇၀ ၇၅၆ ၇၂၃ နဲ့ ၀၉ – ၈၉၈ ၂၅၅ ၃၅၁ သို့ ဆက်သွယ် ကူညီနိုင်ပါတယ်။

 

LEAVE A REPLY

Please enter your comment!
Please enter your name here