NLD စည်ပင်ဝန်ကြီးဦးနော်လီနဲ့ လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဦးဝင်းညွန့်တို့ လွတ်ရက်စေ့နဲ့ ပြန်လည်လွတ်မြောက်

297

 

ဧပြီ၊၁

ဖမ်းဆီးထောင်ချခံထားရတဲ့ ကချင်ပြည်နယ် အစိုးရအဖွဲ့ဝင် စည်ပင်သာယာရေးဝန်ကြီးနဲ့ လမ်းပန်းဆက်သွယ်ရေးဝန်ကြီးတို့ဟာ ဒီမနက်ပိုင်းမှာ လွတ်ရက်စေ့ပြီး ပြန်လည်လွတ်မြာက်လာပြီလို့ နီးစပ်ရာအသိုင်းအဝိုင်းတွေဆီက သိရပါတယ်။

အထက်ပါ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ဝန်ကြီးနှစ်ပါးကို အဂတိလိုက်စားမှုတိုက်ဖျက်ရေးဥပဒေ၊ ပုဒ်မ(၅၅)နဲ့ စစ်ကောင်စီရဲ့ အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်က တရားလိုပြုကာ တရားစွဲဆိုပြီးနောက် ၂၀၂၂ ခုနှစ် ဧပြီလ ၂၂ ရက်နေ့မှာ ထောင်ဒဏ် ၃ နှစ်စီ ချမှတ်ခဲ့တာ ဖြစ်ပါတယ်။

ကချင်ပြည်နယ် စည်ပင်သာယာရေးဝန်ကြီး ဦးနော်လီ (ခ) ဇခေါင်ခမ်းရယ်ကို ၂၀၁၉-၂၀ ဘဏ္ဍာနှစ်အတွင်း လုပ်ထုံးလုပ်နည်းနဲ့ မညီဘဲ တရားဝင်သုံးစွဲခွင့် မရှိတဲ့ လိုင်စင်မဲ့ မော်တော်ယာဉ် ၂၃ စီး အတွက် စက်သုံးဆီ၊ ယာဉ်ပြင်ဆင်စရိတ်ကို ထုတ်ယူ သုံးစွဲခဲ့တဲ့အတွက် နိုင်ငံတော်ရဲ့ ငွေကျပ် သန်း ၂၁၉ (ကျပ်သိန်း ၂၀၀၀ ကျော်) ထိခိုက်နစ်နာ ဆုံးရှုံးရတယ်လို့ဆိုပြီး ထောင်ဒဏ် ၃ နှစ်ချမှတ်ခဲ့တာ ဖြစ်ပါတယ်။

လမ်းပန်းဆက်သွယ်ရေး လျှပ်စစ်နှင့် စက်မှုလက်မှုဝန်ကြီး ဦးဝင်းညွန့်ကို ၂၀၁၇-၂၀၁၈ ဘဏ္ဍာရေးနှစ် မူလလျာထားချက်မှာ ပါရှိခြင်းမရှိတဲ့ မြစ်ကြီးနား- ဗန်းမော်လမ်း AC ကတ္တရာ ထပ်ပိုးလွှာခင်းခြင်း ၂၃ မိုင်လုပ်ငန်းကို နိုင်ငံတော်သမ္မတရုံးရဲ့ ညွှန်ကြား ချက်အမှတ် ၁/၂၀၁၇ နှင့်အညီ တင်ဒါခေါ်ယူ ဆောင်ရွက်ခြင်းမရှိဘဲ နိုင်ငံတော်ကို အပ်နှံရမယ့် ငွေကျပ်သန်း ၁၁၀၀၇ ဒဿမ ၀၀၉ (ကျပ်သိန်းပေါင်း တစ်သိန်းကျော်) နဲ့ ပုဂ္ဂလိက ကုမ္ပဏီတစ်ခုကို လုပ်ငန်းဆောင်ရွက်ခွင့်ပြုခဲ့ခြင်း၊ QC အဖွဲ့ရဲ့ စစ်ဆေးချက်အရ လမ်းအရည် အသွေးမပြည့်မီတဲ့အတွက် ပြန်လည်ပြုပြင်ရခြင်း၊ စာချုပ် စည်းကမ်းနဲ့အညီ ဆောင်ရွက်မှုမရှိခြင်း စတာတွေကြောင့် နိုင်ငံတော်ရဲ့ ငွေကြေးကို နစ်နာဆုံးရှုံး စေခဲ့တာကြောင့်လို့ဆိုပြီး ထောင်ဒဏ် ၃ နှစ်၊ ဝိုင်းမော်မြို့က NLD ရုံးတည်ဆောက်ရာမှာ ပုဂ္ဂလိက ကုမ္ပဏီ ၂ ခုက ထည့်ဝင်လှူဒါန်းထားတဲ့ သိန်း ၂၀၀ ကို လက်ခံတဲ့အပြင် နေပြည်တော်မှာရှိတဲ့ NLD ပါတီ သုတေသန ရုံးအတွက် ပစ္စည်းတွေဝယ်ဖို့ သိန်း ၂၅၀ ကို တောင်းခံကာ ရာထူးအာဏာကို အလွဲသုံးစားလုပ်တယ်ဆိုပြီးတော့လည်း ထောင်ဒဏ် ၃ နှစ်ချမှတ်ခဲ့တာ ဖြစ်ပါတယ်။

စုစုပေါင်းထောင်ဒဏ် ၆ နှစ်ဖြစ်ပေမဲ့ အမှုနှစ်ခုလုံးအတွက် ထောင်ဒဏ်ကို တစ်ပေါင်းတည်းကျခံစေခဲ့တာကြောင့် ထောင်ဒဏ် ၃ နှစ်ကျခံခဲ့ရတာပါ။

ဒါ့အပြင် ကချင်ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာခက်အောင်ကို အဂတိ၊ အမှုပေါင်း ၄ မှု၊ တစ်မှုလျှင် ၃ နှစ်စီနဲ့ စုစုပေါင်း ထောင်ဒဏ် ၁၂ နှစ်၊ ဘဏ္ဍာအခွန်၊ စီမံကိန်းနှင့် စီးပွားရေး ဝန်ကြီး ဦးဝေလင်းကို အမှုပေါင်း ၆ မှု၊ တစ်မှုလျှင် ၃ နှစ်စီ၊ (၃ မှုအား တစ်ပေါင်းထဲကျခံစေ) စုစုပေါင်း ထောင်ဒဏ် ၉ နှစ် အမိန့်ချထားပြီး လက်ရှိအချိန်ထိ ထောင်အတွင်း ဆက်လက်ကျခံနေရပါတယ်။

ကျန်ဝန်ကြီးတွေဖြစ်တဲ့ သယံဇာတနဲ့ သဘာဝ ပတ်ဝန်းကျင်ထိန်းသိမ်းရေး ဝန်ကြီး ဦးဒါရှီလဆိုင်းနဲ့ လူဝင်မှုကြီး ကြပ်ရေးနှင့် လူ့စွမ်းအား အရင်းအမြစ်ဝန်ကြီး ဦးဇော်ဝင်း တို့ကို အမှု ၂ မှု၊ တစ်မှုလျှင် ၃ နှစ်စီနဲ့ ထောင်ဒဏ် ၆ နှစ် (နှစ်မှုအတွက် တစ်ပေါင်းထဲကျခံစေ) တစ်ဦးလျှင် ထောင်ဒဏ် ၃ နှစ်၊ လူမှုရေး ဝန်ကြီးဦးနေဝင်းကို အမှု တစ်မှုအတွက် ထောင်ဒဏ် ၃ နှစ် အသီးသီး အမိန့်ချမှတ်ထားပါတယ်။

 

LEAVE A REPLY

Please enter your comment!
Please enter your name here