အောက်တိုဘာ၊ ၁
စစ်ကောင်စီက သန်းခေါင်စာရင်းစကောက်တဲ့ ဒီနေ့မှာပဲ NUG နဲ့ NUCC က စစ်ကောင်စီရဲ့ ဟန်ပြဖိတ်ခေါ်မှုကို ပြတ်ပြတ်သားသားပယ်ချတယ်လို့ ထုတ်ပြန်လိုက်ပါတယ်။
အမျိုးသားညီညွတ်ရေးအတိုင်ပင်ခံကောင်စီ (NUCC) နဲ့ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) တို့ ပူးတွဲ ဖွဲ့စည်းထားတဲ့ တရားမဝင်အတုအယောင်ရွေးကောက်ပွဲ ဆန့်ကျင်ရေး ပူးပေါင်းလုပ်ငန်းကော်မတီရဲ့ သဘောထုတ်ပြန်ချက်ဆိုပြီး ဒီကနေ့ထုတ်ပြန်ထားတာပါ။
ပြီးခဲ့တဲ့ စက်တင်ဘာလ ၂၆ ရက်နေ့ ညပိုင်းမှာ စစ်ကောင်စီက ငြိမ်းချမ်းရေးအတွက်ဆိုပြီး တိုင်းရင်းသား တော်လှန်ရေး လက်နက်ကိုင်တပ်ဖွဲ့တွေ၊ စစ်တပ်က အကြမ်းဖက်အဖွဲ့အစည်းအဖြစ် သတ်မှတ်ထားတဲ့အဖွဲ့တွေနဲ့ ပြည်သူ့ကာကွယ်တပ်ဖွဲ့ (PDF) တွေကို လက်နက်ကိုင် လမ်းစဉ်စွန့်လွတ်ပြီးတော့ ပါတီနိုင်ငံရေးလမ်းကြောင်း ဒါမှမဟုတ် ရွေးကောက်ပွဲလမ်းကြောင်းကနေ နိုင်ငံရေးပြဿနာကို နိုင်ငံရေးနည်းလမ်းနဲ့ ဖြေရှင်းကြဖို့ ထုတ်ပြန်ခဲ့ပါတယ်။
ရွေးကောက်ပွဲ ကျင်းပနိုင်ဖို့အတွက်လည်း လိုအပ်တဲ့ သန်းခေါင်စာရင်းကို ဒီနေ့အောက်တိုဘာလ ၁ ရက်နေ့ကစပြီး ကောက်ယူမှာဖြစ်တယ်လို့ စက်တင်ဘာလ ၂၆ ရက်နေ့က ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။
အဲဒီနောက် စစ်ကောင်စီရဲ့ ဒီနေ့သန်းခေါင်စာရင်းစကောက်တဲ့နေ့မှာ NUG နဲ့ NUCC က စစ်တပ်ရဲ့ ကြေညာချက်ကို တုံ့ပြန်ပြောဆိုလိုက်တာပါ။
” ( နိုင်ငံရေးပြဿနာအား နိုင်ငံရေးနည်းလမ်းဖြင့် ဖြေရှင်းရန်ကမ်းလှမ်းဖိတ်ခေါ်ခြင်း) ခေါင်းစဥ်ဖြင့် အကြမ်းဖက်စစ်အုပ်စု၏ ဟန်ပြဖိတ်ခေါ်မှုအား ပြတ်ပြတ်သားသား ပယ်ချပါသည်။“ လို့ တုံ့ပြန်ထားတာဖြစ်ပါတယ်။
ဒါ့အပြင် စစ်ကောင်စီရဲ့ သန်းခေါင်စာရင်းကောက်ယူတာ အပါအဝင် အတုအယောင်ရွေးကောက်ပွဲကို လုံးဝလက်မခံဘဲ ဆန့်ကျင်တိုက်ဖျက်သွားမယ်လို့လည်း NUCC နဲ့ NUG က ဆိုပါတယ်။
“စစ်အစိုးရအဆက်ဆက်က လက်နက်နှင့်ငြိမ်းချမ်းရေးလဲလှယ်ခြင်း၊ လက်နက်ကိုင်လမ်းစဥ် စွန့်၍ ဥပဒေဘောင်အတွင်း ဝင်ရောက်ခြင်းစသဖြင့် ခေါင်းစဥ်အမျိုးမျိုးတပ်၍ လှည့်ဖြားခဲ့သည့် သာဓကများစွာလည်း ရှိခဲ့ပြီးဖြစ်သည်။“ လို့ NUCC နဲ့ NUG ရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။
ဒါကြောင့် စစ်ကောင်စီရဲ့ သပ်လျှိုဖြိုခွဲမှုကို သတိကြီးကြီး ထားကြဖို့လည်း NUCC နဲ့ NUG က တော်လှန်ရေး အင်အားစုတွေကို တိုက်တွန်းထားပါတယ်။







