အင်တာနက်လိုင်း ပြတ်တောက်နေတဲ့ မြစ်ကြီးနားမြို့မှာ ဖုန်းဆိုင်တွေကတဆင့် ဇာတ်ကားတွေကူးယူပြီး ကြည့်ရှုနေရ

140

 

အောက်တိုဘာ၊၁

ဖုန်းနဲ့ အင်တာနက်လိုင်းပြတ်တောက်နေတဲ့ ကချင်ပြည်နယ်ရဲ့မြို့တော်မြစ်ကြီးနားမြို့မှာ ဖုန်းဆိုင်တွေကတဆင့် ဇာတ်ကားတွေကူးယူပြီး ကြည့်ရှုနေရတယ်လို့ မြို့ခံတွေက ပြောပါတယ်။

ဖုန်းဆိုင်အများပိုင်းမှာ အခကြေးငွေနဲ့ ဇာတ်ကားတွေ ကူးပေးနေပြီး ဇာတ်ကားလာကူးတဲ့သူတွေလည်း အများအပြားရှိတယ်လို့ မြို့ခံအမျိုးသမီးတစ်ဦးက မြစ်ကြီးနားသတင်းဂျာနယ်ကို ပြောပါတယ်။

ဆိုင်တိုင်း ဇာတ်ကားကူးပေးတယ်ဆိုတာတွေပဲ။ အခုလည်း ဆိုင်မှာလာကူးတဲ့သူတွေ တစ်ပုံကြီးပဲ။ အရင်တုန်းကလို ဖုန်းလိုင်းလည်း အဆင်မပြေ၊ အင်တာနက်လိုင်းလည်း ဆိုင်မှာပဲ သွားသုံးရတယ်ဆိုတော့ အဲဒီလိုဖြစ်နေတယ်။လို့ အထက်ပါ အမျိုးသမီးက ပြောပါတယ်။

ဖုန်းဆိုင်တွေမှာ ဇာတ်ကားသွင်းခ ဇာတ်ကားတို ၅ ကားကို ၁,၀၀၀ ကျပ်ပေးရပြီး ဇာတ်လမ်းတွဲတစ်တွဲကို ၂,၀၀၀ ကျပ်လောက် ပေးရတယ်လို့ သိရပါတယ်။

ဖုန်းဆိုင်တစ်ဆိုင်နဲ့ တစ်ဆိုင် ဇာတ်ကားကူးခမတူသလို တချို့ဆိုင်တွေမှာ မိမိကြိုက်နှစ်သက်ရာ ဇာတ်ကားရွေးချယ်ခွင့် မရှိဘူးလို့လည်း နောက်ထပ်မြစ်ကြီးနားမြို့ခံ အမျိုးသားတစ်ဦးရဲ့ ပြောပြချက်အရ သိရပါတယ်။

ဘာမှရွေးပိုင်ခွင့်မရှိဘူး။ သူတို့ထည့်ပေးတာယူပဲ။လို့ အထက်ပါအမျိုးသားက ပြောပါတယ်။

မြစ်ကြီးနားမြို့မှာ အင်တာနက်လိုင်းတွေ ပြတ်တောက်နေဆဲဖြစ်ပြီး IP Star၊ Star Linkနဲ့ ဖွင့်ထားတဲ့ဆိုင်တွေမှာ အင်တာနက်အသုံးပြုခပေးပြီးတော့ သုံးစွဲနေရတာ ဖြစ်ပါတယ်။

မြစ်ကြီးနားမြို့က နေရာရပ်ကွက်အချို့မှာ MPT၊ Ooredooeနဲ့ Atom(Telenor) ဖုန်းလိုင်းတွေ ရနေပေမဲ့ ဆက်သွယ်ပြောဆိုဖို့ ခက်ခဲနေသေးတဲ့ အခြေအနေပါ။

ပြီးခဲ့တဲ့ ဇူလိုင်လ ၂၁ ရက်နေကစပြီး မြစ်ကြီးနားမြို့အပါအဝင် ကချင်ပြည်နယ်က မြို့နယ်တော်တော်များများမှာ MPT၊ Ooredoo၊Mytelနဲ့ Atom ဖုန်းနဲ့ အင်တာနက်လိုင်းတွေ အကုန်ပြတ်တောက်ခဲ့တာ ဖြစ်ပါတယ်။

လက်ရှိအခြေအနေဟာ လွန်ခဲ့တဲ့ ၁၀ စုနှစ်ကျော်လောက်က ဖုန်းတွေအသုံးပြုလာတဲ့အချိန် အင်တာနက်လိုင်းတွေ ထိထိရောက်ရောက် မသုံးစွဲနိုင်သေးခင် ဖုန်းဆိုင်တွေမှာ ဇတ်ကားတွေကူးယူပြီး ကြည့်ရှုခဲ့ရတဲ့ အခြေအနေကို ပြန်လည်ရောက်ရှိနေတာပါ။

 

LEAVE A REPLY

Please enter your comment!
Please enter your name here