ဩဂုတ်၊ ၂၃
လက်ရှိအချိန်ဟာ သမိုင်းရဲ့မှန်ကန်တဲ့ဘက်မှာ ရပ်တည်ရမယ့်အချိန်ဖြစ်တယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ရဲ့ ယာယီသမ္မတ ဒူဝါလရှီးလက နိုင်ငံတကာကို သတင်းစကားပါးလိုက်ပါတယ်။
“မြန်မာ့နွေဦးတော်လှန်ရေး၏ အောင်မြင်မှုများအပေါ် ရှုမြင်ချက်များ“ အစီအစဉ်ရဲ့ အဖွင့်မိန့်ခွန်းမှာ သမ္မတက အဲဒီလိုပြောကြားခဲ့တာဖြစ်တယ်လို့ ဒီနေ့ညနေပိုင်း NUG ရဲ့ Facebook လူမှုကွန်ယက်ကနေ ရုပ်သံနဲ့တကွ ထုတ်ပြန်ခဲ့တာပါ။
“နိုင်ငံတကာအသိုင်းအဝိုင်းကို ပေးချင်တဲ့ သတင်းစကားက ကျွန်တော်တို့ ပြည်သူလူထုတရပ်လုံးဟာ စုစည်းမှု၊ လွတ်လပ်မှုနဲ့ အရပ်သားအုပ်စိုးမှုတွေအတွက် ရပ်တည်ကြိုးစားနေကြတာဖြစ်တယ်။ တဘက်က စစ်အာဏာရှင်ကတော့ ဖိနှိပ်မှု၊ ဖရိုဖရဲဖြစ်မှု နဲ့ အကြမ်းဖက်သတ်ဖြတ်မှုတွေကို ကိုယ်စားပြုနေပါတယ်။“ လို့ သမ္မတဒူဝါလရှီးလက ပြောပါတယ်။
ဩဂုတ်လ ၁၄ ရက်နေ့က တရုတ်နိုင်ငံခြားရေးဝန်ကြီးဟာ အာဏာသိမ်းစစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်နဲ့ တွေ့ဆုံခဲ့ပြီးတဲ့နောက် မြန်မာ့နိုင်ငံရေးနဲ့ပတ်သက်လို့ ပုံစံမျိုးစုံနဲ့ ဝေဖန်သုံးသပ်မှုတွေ ဒီရက်ပိုင်း ဆက်တိုက်ထွက်ပေါ်လာတာပါ။
အဲဒီနောက် သမ္မတက နိုင်ငံတကာကို သတင်းစကားပါးတဲ့မိန့်ခွန်းကို NUG က ဒီနေ့ထုတ်ပြန်ခဲ့တဲ့တဲ့အပြင် ဝန်ကြီးချုပ်မန်းဝင်းခိုင်သန်းရဲ့ ပြောစကားကိုပါ ထုတ်ပြန်ခဲ့တာဖြစ်ပါတယ်။
“ဘာကိုရွေးချယ်ရမလဲဆိုတာက ရှင်းပါတယ်။ လွတ်လပ်မှုကို ရွေးမလား အကြမ်းဖက်မှုကိုရွေးမလား၊ တာဝန်ခံမှုကိုရွေးမလား ပြစ်ဒဏ်ကင်းလွတ်ခွင့်ကိုရွေးမလား၊ ဒီမိုကရေစီကို ရွေးမလား အာဏာရှင်စနစ်ကိုရွေးမလား။ လက်ရှိအချိန်ဟာ သမိုင်းရဲ့မှန်ကန်တဲ့ဘက်မှာ ကျွန်တော်တို့နဲ့အတူ ရပ်တည်ရမယ့် အချိန်ဖြစ်ပါတယ်။“လို့ သမ္မတက ပြောပါတယ်။
ဝန်ကြီးချုပ် မန်းဝင်းခိုင်သန်းရဲ့ မိန့်ခွန်းထဲမှာလည်း သူတို့ သွားမယ့်ပန်းတိုင်ဟာ အစိတ်အစိတ်အမွှာမွှာပြိုကွဲသွားမယ့် တိုင်းပြည်မဟုတ်ဘူးလို့ ပြောဆိုထားပါတယ်။
“ပြည်ထောင်စုအတွင်းနေထိုင်ကြတဲ့ စုံလင်ကွဲပြားသော လူမျိုးတွေရဲ့ သရုပ်လက္ခဏာ (Identity) တွေကို ကာကွယ်မြှင့်တင်ပေးတဲ့ ဒီမိုကရေစီရေး၊ အမျိုးသားတန်းတူရေးနဲ့ ကိုယ်ပိုင်ပြဋ္ဌာန်းခွင့် အခွင့်အရေးတွေအပြည့်အဝရှိတဲ့ ပြည်နယ်တွေနဲ့ စုဖွဲ့ထားတဲ့ ဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စုဖြစ်ပါတယ်။ အဲဒီကို ကျွန်တော်တို့သွားမှာပါ။“လို့လည်း ဝန်ကြီးချုပ်က ပြောထားပါသေးတယ်။
အခုအချိန်မှာတော့ NUG နဲ့ တိုင်းရင်းသားလက်နက်ကိုင်တော်လှန်ရေးတပ်ဖွဲ့တွေအပါအဝင် တော်လှန်ရေးအဖွဲ့တွေ သိမ်းပိုက်ထားတဲ့မြို့ပေါင်းဟာ ၈၀ နီးပါး ရှိလာပါပြီ။







