ဩဂုတ်၊၂၆
ကချင်ပြည်နယ်၊တနိုင်းမြို့မှာ ကုန်ကားဝင်ရောက်မှု နည်းတာကြောင့် ကုန်ပစ္စည်းနဲ့ စက်သုံးဆီတွေ ပြတ်လပ်နေပြီး နဂိုကထက် ဈေးကြီးမြင့်နေတယ်လို့ အဆက်အသွယ်ရရှိတဲ့ တနိုင်းဒေသခံတွေကဆီက ကြားသိရပါတယ်။
လက်ရှိ တနိုင်းမြို့မှာ စက်သုံးဆီအရောင်းပန့်ဆိုင်အများစု ပိတ်ထားသလို ဝယ်ယူလို့ရတဲ့ ဆိုင်မှာ ဓာတ်ဆီတစ်ဂါလံကို လေးသောင်းကျော်ထိ ပေးဝယ်နေရတာဖြစ်ပြီး ကုန်ပစ္စည်းတွေလည်း ပြတ်လပ်နေတာ နှစ်ပတ်လောက်ရှိနေပြီလို့ တနိုင်းမြို့ခံတစ်ဦးက မြစ်ကြီးနားသတင်းဂျာနယ်ကို အခုလိုပြောပါတယ်။
“ဈေးတွေလည်း ပိတ်ကုန်ပြီ။ စားဖို့လည်း ဘာမှမရှိတော့ဘူး။ကြက်ဥတစ်လုံး တစ်ထောင် ဖြစ်သွားပြီ။ ဗွက်တွေနဲ့ ကုန်တင်လာတဲ့ ကားတွေတော့ မြင်တယ် ဒါပေမဲ့အရမ်းမဝင်ဘူး။ ဆီဆိုင်တွေလည်း အားလုံးပိတ်တယ်။“ လို့ ဒေသခံကဆိုပါတယ်။
အရင်က တစ်အိတ် ကျပ်ခြောက်ထောင်ကျော်သာရှိတဲ့ မီးသွေးတစ်အိတ်လည်း တစ်သောင်း ရှစ်ထောင်၊ နှစ်သောင်းအထိ ပေးဝယ်နေရသလို လိုအပ်သလောက်လည်း မရဘူးလို့ ဆိုပါတယ်။
ဒါ့အပြင် ဆန်တစ်အိတ် နှစ်သိန်းနီးပါးနဲ့ စားသုံးဆီ တစ်ပိဿာလည်း သုံးသောင်းကျော်ထိ မြင့်တက်သွားပြီး မာမီးနဲ့ ချဉ်ငံစပ်လို ခေါက်ဆွဲခြောက်ထုပ်တွေလည်း တစ်ထုပ်ကို တစ်ထောင့် ငါးရာလောက် ပေးဝယ်နေရတာလို့ သိရပါတယ်။
အသားငါးတွေလည်း ဝယ်ရခက်ပြီး ဈေးကြီးမြင့်သလို ကြက်သားတစ်ပိဿာကို သုံးသောင်း ကျော်ဈေးပေါက်နေပြီးတော့ ကုန်စိမ်းတွေကအစ ဈေးမြင့်တက်နေတာကြောင့် အကျပ်အတည်း ဖြစ်နေတယ်လို့ ဒေသခံက ဆက်လက်ပြောပါတယ်။
“ကုန်စိမ်းရော တအားဈေးကြီးတယ်။ ချဉ်ပေါင်တစ်စည်းတစ်ထောင်၊ ကန်စွန်းရွက်တစ်စီး တစ်ထောင်။အခုက ဟင်းရည်ပဲချက်စားဖို့တောင် ငါးထောင်လောက်ကုန်ရတယ်။“ လို့
ဈေးဆိုင်တချို့ဆိုရင် ကုန်ပစ္စည်းတွေပြတ်လပ်လို့ ပိတ်ပင်ထားကြသလို တချို့ဈေးဆိုင် တွေမှာတော့ ဖျော်ရည်နဲ့ ရေသန့်ဗူးတွေကို အကဒ်လိုက် ရောင်းချတာမျိုး မရှိတော့ဘူးလို့ သိရပါတယ်။
လက်ရှိ မြစ်ကြီးနားနဲ့ တနိုင်းလမ်းခရီးဟာ သုံးရက်လောက်ကြာတဲ့အတွက် လမ်းခရီး ကြန့်ကြာပြီး ကုန်ကားတွေလည်း အဝင်နည်းတယ်လို့ ဆိုပါတယ်။
တနိုင်းမြို့နယ်ဘက်မှာသာမက မန္တလေးလမ်းပိုင်းမှာလည်း ကားတွေ ပိတ်မိနေတာကြောင့် မြစ်ကြီးနားမြို့နဲ့ ဖားကန့်မြို့နယ်ဘက်မှာ အလားတူဖြစ်ရပ်မျိုး ကြုံတွေ့နေရတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။