ဒီဇင်ဘာ၊၁
ကချင်လွတ်လပ်ရေးအဖွဲ့အစည်း(KIO/KIA)ဗဟိုဌာနချုပ်အနီးတစ်ဝိုက် စစ်ကောင်စီတပ်ကနေ နိုဝင်ဘာလ ၃၀ ရက်နေ့ည ၁၂ နာရီအချိန်မှာ လက်နက်ကြိး ပစ်ခတ်ပေးမှုဟာ တမင်တာကာရည်ရွယ်ပြီး ပစ်ခတ်တိုက်ခိုက်ခြင်းဖြစ်တယ်လို့ မြောက်ပိုင်းမဟာမိတ်သုံးဖွဲ့က ထုတ်ပြန်လိုက်ပါတယ်။
စစ်ကောင်စီရဲ့ လက်နက်ကြီးစခန်းတစ်ခုဖြစ်တဲ့ ခယာတောင်တပ်စခန်းကနေ လိုင်ဇာအနီးတစ်ဝိုက်နဲ့ ရက္ခိုင့်တပ်တော် တပ်စခန်းရှိရာ မုန်လိုင်ခက်တပ်စခန်းဘက် လက်နက်ကြီးတွေနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ ထုတ်ပြန်ချက်မှာ တွေ့ရှိရပါတယ်။
ဒါ့အပြင် အခုလို ပစ်ခတ်တာဟာ ခရစ်ယာန်ဘာသာဝင်တွေရဲ့ အထွဋ်အမြတ်အလေးထားရာ Sweet December နေ့ကို တမင်တကာရည်ရွယ်ပြီး ပစ်ခတ်တိုက်ခိုက်ခဲ့ခြင်း ဖြစ်တယ်လို့လည်း ရေးသားထားပါတယ်။
စစ်ကောင်စီတပ်အနေနဲ့ နေ့ထူးနေ့မြတ်လို တစ်ခုခု ရှိတဲ့နေ့တွေမှာ အရင်ကလည်း ပစ်ခတ်တာတွေ ရှိခဲ့ပြီး နိုဝင်ဘာလ ၃၀ ရက်နေ့ည ၁၂ နာရီ( ဒီဇင်ဘာလ ၁ ရက်နေ့ မနက်) အချိန်က ပစ်ခတ်မှုဟာလည်း တမင်ရည်ရွယ်ချက်ရှိရှိ ပစ်ခတ်တာ ဖြစ်နိုင်တယ်လို့လည်း လိုင်ဇာဒေသခံပြည်သူတစ်ဦးက မြစ်ကြီးနားသတင်းဂျာနယ်ကို အခုလို ပြောပါတယ်။
“အရင်ကလည်း နည်းနည်းထူးခြားတဲ့ နေ့တွေဆိုရင် လက်နက်ကြီးတွေ ပစ်ပေးတာတွေ ရှိတယ်။ အချိန်သတ်မှတ်ပြီးကို ပစ်တာတွေရှိတယ်။ မနေ့ညက Sweet December ညမှာဆိုတော့ တမင်ပစ်တာနေမှာ”လို့ ဒေသခံက ဆိုပါတယ်။
အထက်ပါ ဒေသခံရဲ့ ပြောပြချက်အရ မနေ့ညက စစ်ကောင်စီပစ်ခတ်လိုက်တဲ့ လက်နက်ကြီး အချက်ရေဟာ ၁၀ ကြိမ်ထက်မနည်း ရှိနိုင်တယ်လို့လည်း သိရပါတယ်။
စက်တင်ဘာလ ၉ ရက်နေ့ည ၁၁ နာရီခွဲအချိန်ကလည်း မုန်လိုင်ခက်စစ်ရှောင်စခန်းအတွင်း ပြင်းအားကြီး လက်နက်ကြီးတစ်လုံး ရုတ်တရက် ရောက်ပေါက်ကွဲခဲ့တဲ့တွက် ပြည်သူ ၂၉ ဦး အသက်ဆုံးရှုံးသွားရပြီး ၅၇ ဦး ဒဏ်ရာရရှိမှု ရှိခဲ့ပါတယ်။
ဒါ့အပြင် လွန်ခဲ့တဲ့ ၂၀၁၇ ခုနှစ်၊ ခရစ္စမတ်အကြိုနေ့၊ ဒီဇင်ဘာလ ၂၄ ရက်နေ့၊ ည ၉ နာရီအချိန်မှာလည်း အခုလို ပစ်ခတ် တိုက်ခိုက်မှုကြောင့် လိုင်ဇာမြို့၊ ဝေကြိုင်ရပ်ကွက်အတွင်းက ဆရာမတစ်ဦး လက်နက်ကြီး ထိမှန်ခဲ့ဖူးတဲ့ ဖြစ်ရပ်ရှိခဲ့တယ်လို့လည်း ထုတ်ပြန်ထားပါတယ်။
ဓါတ်ပုံ- လိုင်ဇာမြို့တွင်းတစ်နေရာ။







