ရှမ်းမြောက်မှ အွန်လိုင်းငွေလိမ်လည်မှုနှင့် ပတ်သက်သူ သုံးသောင်းကျော်ကို တရုတ်လွှဲပြောင်းလက်ခံထား

316
ဓာတ်ပုံ - MNDAA က အွန်လိုင်းငွေလိမ်မှုနှင့်ပတ်သက်သူများကို နိုဝင်ဘာလ ၁၈ ရက်နေ့က တရုတ်နိုင်ငံထံလွှဲပြောင်းပေးနေစဉ်/ The Kokang

 

နိုဝင်ဘာ၊ ၂၁

ရှမ်းပြည်နယ်မြောက်ပိုင်းမှာ အခြေစိုက်တဲ့ အွန်လိုင်းငွေကြေးလိမ်လည်မှုတွေနဲ့ပတ်သက်သူ ၃၁၀၀၀ ကျော်ကို မြန်မာဆီကနေ တရုတ်နိုင်ငံက လွှဲပြောင်းလက်ခံထားပြီလို့ တရုတ်အစိုးရပိုင်သတင်ဌာန China Daily မှာ ဒီကနေ့ ဖော်ပြထားပါတယ်။

အဲဒီအချက်အလက်တွေကိုတော့ ဒီနေ့ နိုဝင်ဘာ ၂၁ ရက်နေ့မှာ တရုတ်နိုင်ငံရဲ့ ပြည်သူ့ရေးရာလုံခြုံရေးဌာနက ထုတ်ပြန်ခဲ့တာလို့ China Daily က ဆိုပါတယ်။

လွှဲပြောင်းလက်ခံထားသူတွေထဲမှာ ခေါင်းဆောင်ပိုင်း ၆၃ ယောက်ပါပြီး တရားခံပြေးကတော့ ၁၅၃၁ ယောက်ပါတယ်လို့ သိရပါတယ်။

ညီနောင်မဟာမိတ် ၃ ဖွဲ့က ရှမ်းပြည်နယ်မြောက်ပိုင်းမှာ ၁၀၂၇ စစ်ဆင်ရေးစတင်လိုက်တဲ့ အချိန်ကစပြီး အွန်လိုင်းငွေကြေးလိမ်လည်တဲ့ လုပ်ငန်းတွေကို စစ်ကောင်စီကပါ နှိမ်နင်းလာတာဖြစ်ပါတယ်။

၁၀၂၇ စစ်ဆင်ရေးစတင်ပြီးနောက်မှာလည်း တရုတ်ဘက်က ကိုးကန့်ခေါင်းဆောင်တစ်ယောက်နဲ့ မိသားစုဝင်တွေကို ဖမ်းဝရမ်းထုတ်ခဲ့ပါတယ်။

အဲဒီနောက် စစ်ကောင်စီက ဖမ်းဝရမ်းထုတ်ခံထားရသူ ၃ ယောက်ကို ဖမ်းဆီးခဲ့ပေမဲ့ တစ်ယောက်ကတော့ ကိုယ့်ကိုကိုယ်သတ်သေသွားတယ်လို့ စစ်ကောင်စီက ထုတ်ပြန်ခဲ့ပါတယ်။ ကျန်တဲ့ ၂ ယောက်ကိုတော့ တရုတ်နိုင်ငံဆီလွှဲပြောင်းပေးခဲ့ပါတယ်။

ညီနောင် မဟာမိတ် ၃ ဖွဲ့ရဲ့ စစ်ဆင်ရေးမစတင်ခင်မှာတော့ “ဝ” အဖွဲ့က အရာရှိ ၂ ယောက်ကို တရုတ်က ပထမဆုံး ဖမ်းဝရမ်းထုတ်ပြန်ခဲ့ပါသေးတယ်။ အဲဒီနောက် “ဝ”အဖွဲ့က အဲဒီအရာရှိ ၂ ယောက်ကို ရာထူးက ထုတ်ပယ်လိုက်တယ်ဆိုပြီး ကြေညာခဲ့ပါတယ်။

အခုအချိန်မှာတော့ အွန်လိုင်းငွေလိမ်မှုနဲ့ပတ်သက်တဲ့သူတွေကို တရုတ်နိုင်ငံဆီ စစ်ကောင်စီကိုတိုက်ခိုက်နေတဲ့ ကိုးကန့်တပ်မတော် (MNDAA) အပြင် စစ်ကောင်စီနဲ့ “ဝ” အဖွဲ့တို့ကလည်း အသီးသီးလွှဲပြောင်းပေးနေကြပါတယ်။

 

 

LEAVE A REPLY

Please enter your comment!
Please enter your name here