ဩဂုတ်၊၂
ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့ ပ.လ.န နယ်မြေရဲစခန်းဂိတ်မှာ အချိန်ကန့်သတ်ချက်နဲ့သာ ဖြတ်သန်းသွားလာစေတာကြောင့် နောင်နန်းတိုက်နယ် ပြည်သူတွေ သွား/လာရေးအတွက် အဆင်မပြေမှုတွေ ရှိနေတယ်လို့ သိရပါတယ်။
မနက်(၆) နာရီခွဲဝန်းကျင်ကနေ ညနေ(၆)နာရီအထိသာ ဂိတ်စခန်းကနေ ဖြတ်သန်းသွားလာခွင့် ပိတ်လိုက်တာကြောင့်မြို့ဘက်က ပြန်လာသူတွေအပြင် အလုပ်ကိစ္စတွေအတွက် သွားလာသူတွေအတွက် အခက်အခဲ ဖြစ်စေတယ်လို့ ဆိုပါတယ်။

ညနေပိုင်း ဂိတ်ပိတ်တဲ့အချိန်တွေမှာ ဂိတ်နားက မနက်ဈေး အနောက်လမ်းကနေ ဖြတ်သန်းသွားလာလို့ရပေမယ့်လမ်းကျဉ်းမြောင်းလွန်းလှတာကြောင့် သွားလာရေးမှာ နှောင့်နှေးမှုတွေ ဖြစ်စေတယ်လို့ ပြည်သူတစ်ဦးက မြစ်ကြီးနားသတင်းဂျာနယ်ကို အခုလို ပြောပါတယ်။
“အသွား၊ အလာက မနက်ဈေးအနောက်ကနေ ပတ်သွားရတယ်။ လမ်းလည်း အရမ်းကျဉ်းတယ်။ မိုးရွာရင် ရေကပြန်ဝပ်။ စောပြီး သွားရမယ်ဆိုရင်(၆)နာရီတောင် မကျော်ခိုင်းသေးဘူးဆိုတော့။ အချိန်မီ မသွားနိုင်တာတွေရှိတယ်။ (၆)နာရီမထိုးခင် အမီပြန်ရတယ်။”လို့ သူကပြောပါတယ်။
အဲဒီ နယ်မြေရဲစခန်း ဂိတ်ကနေ ဖြတ်သန်းသွားလာသူတွေရဲ့ ဖုန်း၊ ဆိုင်ကယ်Tool Boxတွေစစ်ဆေးတာတွေကို ရဲနဲ့စစ်သားတွေက မကြာခဏ ပြုလုပ်လေ့ ရှိတယ်လို့လည်း ဆိုပါတယ်။
ဒါ့အပြင် မနက်ဈေးအနောက်လမ်းကြားဘက်လည်း စစ်ကောင်စီတပ်သားတွေဟာ လေ့ကျင့်ရေးခွေးတွေနဲ့စောင့်ကြပ်သွားလာတာတွေ ရှိတယ်လို့လည်း သိရပါတယ်။
အဲဒီ နယ်မြေရဲစခန်းရဲ့ အသွား၊ အလာ တွေကို အချိန်ကန့်သတ်ချက်နဲ့ ပိတ်ထား တဲ့အပြင် ကင်းတဲတစ်ခုဆောက်ထားတဲ့ အဲဒီ နေရာမှာ စစ်ကောင်စီတပ်သားတွေနဲ့ ရဲတွေ(၈)ယောက်လောက်ရှိပြီး ဖြတ်သန်းသွားလာတဲ့ ပြည်သူတွေကို စစ်ဆေးမေးမြန်းတာတွေ ရှိနေတာကြောင့် ပြည်သူတွေ စိုးရိမ်စိတ်နဲ့ သွားလာနေရတယ်လို့လည်း ဆိုပါတယ်။
အထက်ပါ ဂိတ်ဟာ မြစ်ကြီနား- ဆွမ်ပရာဘွမ် လမ်းမကြီး နောင်နန်းတိုက်နယ်ကျေးရွာအနီးမှာ တည်ရှိတဲ့ ဂိတ်စခန်းတစ်ခုလည်း ဖြစ်ပါတယ်။
အဲဒီ ပ.လ.န နယ်မြေရဲကင်းစခန်းကိုပြီးခဲ့တဲ့ ဖေဖော်ဝါရီ(၁၃)ရက်နေ့က ဗုံးခွဲတိုက်မှုတွေ ရှိခဲ့တဲ့အပြင် လူတစ်စုကနေ လာရောက်ပစ်ခတ်တာတွေ ရှိခဲ့ပါတယ်။