ကချင်ပြည်နယ်အတွင်း ဖုန်းနဲ့ အင်တာနက်ပြတ်တောက်နေတာ ၂ လပြည့်ပြီ

239

 

စက်တင်ဘာ၊၂၁

မြစ်ကြီးနားမြို့နယ်အပါအဝင် ကချင်ပြည်နယ်အတွင်း ဖုန်းနဲ့အင်တာနက်လိုင်း ပြတ်တောက်နေတာ ဒီကနေ့နဲ့ဆို ၂ လပြည့်ပါပြီ။

မြစ်ကြီးနားမြို့မှာ ဆက်သွယ်ရေးလိုင်းတွေ ပြတ်တောက်နေဆဲ ဖြစ်တဲ့အတွက် အင်တာက်နက်အသုံးပြုပြီး အလုပ်လုပ်ကိုင်ရသူတွေအနေနဲ့ အခက်အခဲဖြစ်တာကြောင့် အမြန်ဆုံး ပြန်ဖွင့်ပေးစေလိုတယ်လို့ မြစ်ကြီးနားမြို့ခံ အမျိုးသားတစ်ဦးက မြစ်ကြီးနားသတင်းဂျာနယ်ကို ပြောပါတယ်။

လမ်းတွေ ပိတ်တယ်။ ဖုန်းလိုင်းတွေမရတော့ ဘာပဲလုပ်လုပ်အဆင်မပြေဘူး။ အခက်အခဲဖြစ်တယ်။ ဖုန်းလိုင်းလည်း ဖြစ်နိုင်ရင် မြန်မြန်ရခိုင်းစေချင်တယ်။လို့ အထက်ပါ အမျိုးသားက ပြောပါတယ်။

မြစ်ကြီးနားမြို့နဲ့ ပြည်နယ်အတွင်း အခြားမြို့အချို့က နေရာအချို့မှာ MPT ဖုန်းလိုင်းရနေပေမဲ့ ဆက်သွယ်ပြောဆိုဖို့ အခက်အခဲရှိနေသေးတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

ဆက်သွယ်ရေးလိုင်းတွေ ပြတ်တောက်နေဆဲဖြစ်တဲ့အပေါ် မိသားစုတွေနဲ့ အဆက်အသွယ်မရတဲ့အတွက် စာကိုသေချာအာရုံမစိုက်နိုင်ဘူးလို့ ပြည်ပမှာ ကျောင်းတက်နေတဲ့ မြစ်ကြီးနားမြို့ခံ ကျောင်းသူတစ်ဦးက မြစ်ကြီးနားသတင်းဂျာနယ်ကို ပြောပါတယ်။

အိမ်ကိုလွမ်းတယ်။ အိမ်ကမိသားစုတွေကို စိတ်ပူတယ်။ ဖြစ်နိုင်ရင် အင်တာနက်ကို အမြန်ရစေချင်တယ်။ အဲဒီလို အိမ်နဲ့ အဆက်အသွယ်မရတာက ကျောင်းတက်နေတဲ့ ကျောင်းသူတစ်ယောက်အတွက် စာကိုသေချာအာရုံမစိုက်နိုင်ဘူး။ အနှောက်အယှက်တစ်ခုလို ဖြစ်နေတယ်။ လို့ အထက်ပါ ကျောင်းသူက ပြောပါတယ်။

အင်တာနက်လိုင်းတွေ မရရှိသေးတဲ့အတွက် မြစ်ကြီးနားမြို့နဲ့ ဖားကန့်မြို့က ဆိုင်တချို့မှာ IP Star၊Star Link တွေနဲ့ အင်တာနက်ဝန်ဆောင်မှုပေးနေပြီး တစ်နာရီ ၂၀,၀၀၀ ကျပ် ဝန်းကျင်ပေးပြီး အသုံးပြုနေကြရတဲ့ အခြေအနေပါ။

ဆက်သွယ်ရေးလိုင်းတွေ ပြတ်နေတာကြောင့် ကချင်ပြည်နယ်က ပြည်သူတွေအတွက် ငွေလွဲငွေထုတ်ရာမှာလည်း အခက်အခဲရှိနေပြီး တစ်ခါတလေ လိုသလောက် ထုတ်မရတာတွေလည်း ရှိနေတယ်လို့ သိရပါတယ်။

ဒါ့အပြင် ဇူလိုင်လ ဒုတိယအပတ်လောက်ကတည်းက စစ်ကိုင်းတိုင်းအတွင်း တိုက်ပွဲတွေ ဖြစ်ပွားနေတာကြောင့် မြစ်ကြီးနား-မန္တလေးလမ်းလည်း ပိတ်ထားပြီး ပြည်နယ်အတွင်း ကုန်ဈေးနှုန်းတွေလည်း အဆမတန် မြင့်တက်နေတာဖြစ်ပါတယ်။

ပြီးခဲ့တဲ့ ဇူလိုင်လ ၂၁ ရက်နေကစပြီး မြစ်ကြီးနားမြို့အပါအဝင် ကချင်ပြည်နယ်က မြို့နယ်တော်တော်များများမှာ MPT၊ Ooredoo၊Mytel နဲ့ Atom ဖုန်းလိုင်းတွေနဲ့ အင်တာနက်လိုင်းတွေ အကုန်ပြတ်တောက်ခဲ့တာ ဖြစ်ပါတယ်။

 

LEAVE A REPLY

Please enter your comment!
Please enter your name here