မေ၊၇
ကချင်ပြည်နယ်၊ ပူတာအိုခရိုင်၊ နောင်မွန်မြို့တွင် တစ်ခုတည်းရှိသောMPTတာဝါတိုင်အားဧပြီလ(၂၈)ရက်နေ့က မိုးကြိုး ထိမှန်ခဲ့ ခြင်းကြောင့် နောင်မွန်တစ်မြို့နယ်လုံး နီးပါး ဖုန်းလိုင်း ပြတ်တောက်နေကြောင်း သိရသည်။
လက်ရှိ နောင်မွန်မြို့အတွင်းမှ တစ်မိုင် ဝန်းကျင်သာ ဖုန်းလိုင်း မိနေသည့် အနေအထား ရှိပြီး ရပ်ကွက်(၁)၊ (၂)၊ ဂွမ်မြန်း၊ ထမ်ထု၊ ကစန်ခူးအစရှိသည့် ရွာ(၈)ရွာတွင်း ဖုန်းလိုင်း ပြတ်တောက်နေကြောင်း ဒေသခံတစ်ဦးက မြစ်ကြီးနားသတင်းဂျာနယ်သို့ ပြောသည်။
“တာဝါတိုင် မိုးကြိုးပစ်သွားတော့ ဖုန်းလိုင်း တစ်ရွာလုံး မရတော့ဘူး။ နောင်မွန်မြို့ကနေ တစ်မိုင် ဝန်းကျင်လောက်ပဲ ရတော့တယ်။ ရပ်ကွက်(၁)၊ (၂)၊ ဂွမ်မြန်း၊ ထမ်းထု၊ ကစန်ခူး၊ အစရှိတဲ့ (၈)ရွာ နီးပါးလောက် မရတော့ဘူး”ဟု ၎င်းက ပြောသည်။
နောင်မွန်မြို့တွင် MPT အော်ပရေတာတစ်ခုသာ ရရှိပြီး ရပ်ဝေး၊ ရပ်နီးများနှင့် ဆက်သွယ်ရန် ဖုန်းလိုင်း အခက်အခဲ ဖြစ်နေကြောင်းနှင့် ဖုန်းလိုင်းရရှိသည့်နေရာသို့ ရွာမှ(၁)မိုင် ဝန်းကျင် သွားရောက် စကား ပြောရကြောင်းလည်း သိရသည်။
လက်ရှိ အချိန်အထိ မိုးကြိုးပစ်သွားသည့် တာဝါတိုင်ကို လာရောက်ပြုပြင်ခြင်း မရှိသေးကြောင်းလည်း ဆိုသည်။