မကွေးအကျဉ်းထောင်ကို ပြောင်းရွှေ့လာတဲ့ နိုင်ငံရေးအကျဉ်းသားတွေကို ထောင်အာဏာပိုင်တွေက အကြောင်းမဲ့ရိုက်နှက်

200

 

ဇူလိုင်၊၄

မန္တလေးအိုးဘိုအကျဉ်းထောင်ကနေ မကွေးအကျဉ်းထောင်ကို ပြောင်းရွှေ့တဲ့ နိုင်ငံရေးအကျဉ်းသားတွေကို ထောင်အာဏာပိုင်တွေက အကြောင်းမဲ့ရိုက်နှက်တာတွေ ပြုလုပ်နေတယ်လို့ မြန်မာနိုင်ငံလုံးဆိုင်ရာ နိုင်ငံရေးအကျဉ်းသားများကွန်ရက် (PPNM)ကနေ သိရပါတယ်။

အဲဒီပြောင်းရွှေ့လာတဲ့ နိုင်ငံရေးအကျဉ်းသားတွေကို နေ့စဉ်ခေါ်ထုတ်ရိုက်နှက်နေတာနဲ့ ပတ်သက်ပြီးတော့ ပြန်လည်မေးမြန်းခဲ့တဲ့ နိုင်ငံရေးအကျဉ်းသား ၁၀ ဦးကိုလည်း ထပ်မံရိုက်နှက်တဲ့အပြင် ဒီကနေ့ ဇူလိုင်လ ၄ ရက်နေ့အထိ တိုက်ပိတ်ထားဆဲ ဖြစ်တယ်လို့ PPNM က ထုတ်ပြန်ထားတာ ဖြစ်ပါတယ်။

မကွေးအကျဉ်းထောင်မှာ ရိုက်နှက်ခံရသူတွေက အကြောင်းအရာ မယ်မယ်ရရကို မရှိပါဘူး။ တခြားထောင်က ပြောင်းလာပြီဆိုကတည်းက မင်းတို့က ကောင်းတဲ့လူတွေမဟုတ်ဘူး။ အခြားထောင်တွေမှာ ကောင်းကောင်းမွန်မွန်မနေလို့ မင်းတို့ပြောင်းလာရတာဆိုတဲ့ စကားကို ထောင်အာဏာပိုင်တွေဖက်က သုံးစွဲတာကို တွေ့ရတယ်။ ပြီးတော့ မကွေးထောင်မှာ ဒီလိုလုပ်လိုမရဘူး၊ ငါတို့က ညှာမှာမဟုတ်ဘူး၊ ဆိုတဲ့စကားလုံးတွေကိုပြောတယ်။ ပြောနေတဲ့အချိန်မှာပဲ မော့ကြည့်တဲ့သူတွေကို ဝိုင်းရိုက်တာ။လို့ PPNM ဦးဆောင်ကော်မတီဝင် ကိုသိုက်ထွန်းဦးက မြစ်ကြီးနားသတင်းဂျာနယ်ကို ပြောပါတယ်။

ထောင်ပြောင်းနဲ့ရောက်လာတဲ့ နိုင်ငံရေးအကျဉ်းသားတွေအပါအဝင် အကျဉ်းသား ၄၀ ကျော်ကို မကွေးအကျဉ်းထောင် အကျဉ်းဦးစီးဝန်ထမ်း သုံးပွင့်အရာရှိ ဦးစီးမှူး မင်းလွင်ဦးနဲ့ ဝန်ထမ်း ဌေးဝင်းလှိုင်တို့က ဦးဆောင်ပြီးတော့ ရိုက်နှက်တာတွေကို နေ့စဉ်ပြုလုပ်ခဲ့တာဖြစ်တယ်လို့ PPNM က ဆိုပါတယ်။

၂၀၂၄ ခုနှစ်ထဲ ထောင်ပြောင်းရွှေခံရသူ တော်တော်များများဟာ အခြားထောင်ကို ရောက်ရှိတဲ့အချိန် ညှင်းပန်းနှိပ်စက် ရိုက်နှက်ခံရတာမျိုးတွေကို အားလုံးနီးပါး ကြုံတွေနေရပြီးတော့ နိုင်ငံရေးအကျဉ်းသားတွေကို ထောင်အာဏာပိုင်တွေ ဆိုးဆိုးရွားရွားဖိနှိပ်နေတာကို တွေ့မြင်နေရတယ်လို့ ကိုသိုက်ထွန်းဦးက ဆက်လက်ပြောပါတယ်။

ပြီးခဲ့တဲ့ ဇွန်လ ၁၅ ရက်နေ့ကလည်း ဒိုက်ဦးအကျဉ်းထောင်ကို ထောင်ပြောင်းရွှေ့လာတဲ့ နိုင်ငံရေးအကျဉ်းသူတွေကို ထောင်အာဏာပိုင်တွေ ဆဲဆိုရိုက်နှက်ခဲ့ပြီး နိုင်ငံရေးအကျဉ်းသူ ၅ ယောက်ထက်မနည်း ဒဏ်ရာပြင်းထန်ခဲ့သလို နိုင်ငံရေးအကျဉ်းသူ အယောက် ၃၀ ကိုလည်း တိုက်ပိတ်တာတွေ လုပ်ဆောင်ခဲ့ပါတယ်။

 

LEAVE A REPLY

Please enter your comment!
Please enter your name here