ကာမိုင်းမြို့က ကျေးရွာ ၄ ခုထက်မနည်း ရေဘေးသင့်နေပြီး ဒေသခံပြည်သူ ၃၀၀ ကျော် ရွေ့ပြောင်းနေရ

14

 

ဇူလိုင်၊၄

ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ်၊ ကာမိုင်းမြို့က ကျေးရွာ ၄ ခုထက်မနည်း ရေဘေးသင့်နေပြီး ဒေသခံပြည်သူ ၃၀၀ ကျော်ဟာ သက်ဆိုင်ရာ ဘာသာရေး အဆောက်အုံတွေမှာ ရွေ့ပြောင်းနေထိုင်နေရတယ်လို့ ဒေသခံတွေက ပြောပါတယ်။

ဇူလိုင်လ ၂ ရက်နေ့ညက အင်းတော်ကြီး၊ ကပ်မှော်ဇွပ်နဲ့ မိုးကောင်းချောင်းဘက်ကနေ စီးဆင်းလာတဲ့ရေတွေဟာ ကာမိုင်းချောင်းတံတားဘက်မှာဆုံမိပြီး ရေကြီးရေလျှံ ဖြစ်လာတဲ့အတွက် ချောင်းတစ်လျှောက် နေထိုင်တဲ့ ဒေသခံပြည်သူတွေကို မနေ့ကအထိ ကယ်ဆယ်ရေးပြုလုပ်ခဲ့ရတယ်လို့ သိရပါတယ်။

ဇီးကျွန်း၊ မြို့မ ၁ နဲ့ ၂ ၊ မြစိမ်းရောင်၊ မအူပင်စု စတဲ့ကျေးရွာတွေက ဒေသခံပြည်သူ အယောက် ၃၀၀ ကျော်ကို မနေ့က ကယ်ဆယ်နိုင်ခဲ့ပြီလို့ ကာမိုင်းဒေသခံပြည်သူတစ်ဦးက ပြောပါတယ်။

လှေတွေ၊ ကားတွေနဲ့ တဆင့် ကယ်ဆယ်ရေးတွေ လုပ်နိုင်ခဲ့ပြီ။ ဆန်တွေ၊ စပါးတွေ ရေထဲ ပါသွားတာ ရှိတယ်။ နေ့လယ်တုန်းက ဒူးလောက်ပဲ ရှိတာ။ ၁၂ နာရီလောက်မှာတော့ အိမ်ပေါ်တွေအထိ ရောက်လာတာ။လို့ ဒေသခံက ဆိုပါတယ်။

လက်ရှိမှာတော့ ရေဘေးသင့်ပြည်သူတွေကို ကာမိုင်းနှစ်ခြင်းအသင်းတော်ကျောင်းဝင်း၊ ဘုန်းကြီကျောင်း စတဲ့နေရာတွေမှာ နေရာချထားပေးပြီး သက်ဆိုင်ရာ ဘာသာရေးဆိုက်ကနေ ကြည့်ရှုပေးနေတဲ့အပြင် ရပ်ရွာတွင်းက လူငယ်တွေပါ တက်တက်ကြွကြွ ပါဝင်ကူညီပေးနေကြတယ်လို့လည်း သိရှိရပါတယ်။

တစ်ချို့ ဒေသခံပြည်သူတွေရဲ့ ဆန်၊ စပါးသိုလှောင်ထားတာတွေ ရေထဲပါသွားတာ ရှိနေပြီး လူငယ်တွေကနေ ဒီကနေ့အထိ လိုက်လံဆယ်ထုတ်ပေးနေကြတယ်လို့လည်း သိရှိရပါတယ်။

ဒါ့အပြင် ရေဘေးကြောင့် တိမ်းရှောင်နေတဲ့ ပြည်သူလူထုအတွက် ရေရှည်မှာ အစားအသောက် လိုအပ်မှုတွေ ရှိလာနိုင်တဲ့အတွက် ကူညီပေးဖို့ကိုလည်း မျှော်လင့်တယ်လို့ ကာမိုင်းဒေသခံက ဆိုပါတယ်။

 

LEAVE A REPLY

Please enter your comment!
Please enter your name here