တအောင်းဒေသအတွင်းက မြို့နယ် ၇ မြို့နယ်မှာ တရားမျှတမှုရှိတဲ့ ဥပဒေတွေ ရေးဆွဲပြီး လုံခြုံရေးနဲ့ အုပ်ချုပ်ရေး ယန္တရားအသစ်ကို ဖော်ဆောင်မယ်လို့ (PSLF/TNLA) ဥက္ကဌ ဒုတိယဗိုလ်ချုပ်ကြီး တားအိုက်ဘုန်းပြော

248

 

ဇန်နဝါရီ၊၁၂

စစ်အာဏာရှင်အဆက်ဆက် နှစ်ပေါင်းများစွာ ခြယ်လှယ်အုပ်ချုပ်နေတဲ့ တအောင်းဒေသတွင်းက မြို့နယ် ၇ မြို့နယ် ကို သိမ်းယူခဲ့ပြီးနောက် တရားမျှတမှုရှိတဲ့ ဥပဒေတွေ ရေးဆွဲပြီး ဒေသခံတိုင်းရင်းသားလူမျိုးမခွဲခြားဘဲ လုံခြုံရေးနဲ့ အုပ်ချုပ်ရေး ယန္တရားအသစ်ကို ဖော်ဆောင် သွားမယ်လို့ ပလောင်ပြည်နယ်လွတ်‌မြောက်ရေးတပ်ဦး (PSLF/TNLA) ဥက္ကဌ ဒုတိယဗိုလ်ချုပ်ကြီး တားအိုက်ဘုန်းက ပြောကြားလိုက်ပါတယ်။

ဒီကနေ့ ၆၁ နှစ် မြောက် တအောင်းတော်လှန်ရေးနေ့ ဂုဏ်ပြုမိန့်ခွန်းမှာ ဒုတိယဗိုလ်ချုပ်ကြီး တားအိုက်ဘုန်းက အထက်ပါအတိုင်း ပြောကြားခဲ့တာလည်း ဖြစ်ပါတယ်။

နမ့်ဆန်မြို့၊မန်တုံမြို့၊နမ္မတူမြို့၊မိုင်းငေါ့မြို့၊မိုင်းလုံမြို့၊နမ့်ခမ်းမြို့၊ကွတ်ခိုင်မြို့ စတဲ့ မြို့ ၇ မြို့က စစ်ကောင်စီတပ်တွေကို အပြီးတိုင် တိုက်ထုတ်ဖယ်ရှားလိုက်ပြီး ဖြစ်တယ်လို့လည်း ဆိုပါတယ်။

ဒါကြောင့် ထိန်းသိမ်းထားနိုင်တဲ့ မြို့နယ်တွေကို စစ်ကောင်စီက လေကြောင်းတိုက်ခိုက်မှုကြောင့် ပျက်ဆီးသွား‌တဲ့ ဒေသခံပြည်သူတွေရဲ့ အိုးအိမ်တွေကို ပြန်လည်ထူထောင်ဖို့ ကနဦး ဦးစားပေးဆောင်ရွက်မယ်လို့လည်း မိန့်ခွန်းမှာ ပြောကြားထားပါတယ်။

တအောင်းလူငယ်တွေ အနေနဲ့လည်း နေရပ်ပြန်လာပြီးတာ့ ဒေသဖွံ့ဖြိုးရေးနဲ့ တည်ဆောက်ရေးလုပ်ငန်းတွေမှာ ပါဝင်ပူးပေါင်းလာဖို့လည်း မေတ္တာရပ်ခံထားပါတယ်။

ဒါ့အပြင် စစ်ကောင်စီအနေနဲ့ လက်နက်ကြီးအသုံးပြုပြီးတော့ ရမ်းသန်းပစ်ခတ်တာတွေ ရှိလာနိုင်တာကြောင့်လည်း မိဘပြည်သူတွေအနေနဲ့ စစ်ရေးအထူးသတိရှိဖို့လည်း တိုက်တွန်းထားပါတယ်။

ညီနောင်မဟာမိတ် ၃ ဖွဲ့ ဖော်ဆောင်နေတဲ့ ၁၀၂၇ စစ်ဆင်ရေး ရည်မှန်းချက်ဖြစ်တဲ့ စစ်အာဏာရှင် စနစ်အမြစ်ပြန်ရေးကို စစ်အာဏာရှင်စနစ်တော်လှန်နေကြတဲ့ ပြည်သူတွေနဲ့အတူ ဆက်လက်တိုက်ပွဲဝင်သွားမယ်လို့လည်း ဒုတိယဗိုလ်ချုပ်ကြီး တားအိုက်ဘုန်းက ပြောကြားထားပါတယ်။

 

LEAVE A REPLY

Please enter your comment!
Please enter your name here