ဇူလိုင်၊၆
ပူတာအိုခရိုင်၊ မချမ်းဘော့မြို့ ရပ်ကွက်(၂) အတွင်း စစ်ကောင်စီလက်အောက်ခံ တပ်သားတွေ ဇူလိုင်လ(၄)ရက်နေ့ညက တစ်အိမ်ဝင် တစ်အိမ်ထွက်ပြီး စစ်ဆေးမှုတွေ ပြုလုပ်ခဲ့တယ်လို့ သိရပါတယ်။
စစ်ကောင်စီတပ်သား(၁)ဦး၊ ရဲအရာရှိတစ်ဦး၊ ပြည်သူ့စစ် စစ်သား(၂)ဦးအပါအဝင် ရွာရဲ့ လူကြီး တစ်ဦးကနေ ရပ်ကွက်(၂)အတွင်း တစ်အိမ်ဝင်တစ်အိမ်ထွက်ပြီး စစ်ဆေးမှု ပြုလုပ်ခဲ့တယ်လို့ ဆိုပါတယ်။
အိမ်ထဲဝင်ပြီး အိမ်ထောင်စုတွေကို ဓာတ်ပုံရိုက်ယူတာတွေ အပြင် အိမ်သားတွေကိုပါ ဓာတ်ပုံရိုက်ယူတာတွေ ပြုလုပ်ခဲ့တယ်လို့ အဲဒီရပ်ကွက်နဲ့ နီးစပ်တဲ့ ဒေသခံတစ်ဦးက မြစ်ကြီးနားသတင်းဂျာနယ်ကို အခုလို ပြောပါတယ်။
” ဧည့်စာရင်းစစ်တဲ့ ပုံစံ တစ်အိမ်ဝင် တစ်အိမ်ထွက် သွားကြတာတဲ့။ ဘာမှတော့ မလုပ်ဘူး။ ရှိတဲ့ အိမ်သားတွေကို ဓာတ်ပုံရိုက်ယူတယ်။ အိမ်ထောင်စုတွေကို ဓာတ်ပုံရိုက်ယူကြတာပေါ့။ သူတို့ စစ်ဆေးချင်တဲ့ လူရှိလို့လား”လို့လည်း ဒေသခံဆိုပါတယ်။
မချမ်းဘော့ မြို့နယ်အတွင်း ရပ်ကွက်(၄)ခုရှိပြီး ရပ်ကွက်(၂)တစ်ခုကိုပဲ ဝင်ရောက်စစ်ဆေးတာ ဖြစ်တယ်လို့လည်း သိရပါတယ်။
အဲဒီမြို့နယ်အတွင်း အခုလို ဝင်ရောက် စစ်ဆေးတာဟာ ပထမဦးဆုံးအကြိမ် ဖြစ်တယ်လို့လည်း ဆိုပါတယ်။







