ဧပြီ၊၂၆
မြစ်ကြီးနားအကျဉ်းထောင် ဖြိုခွင်းမှုနဲ့ပတ်သက်ပြီးတော့ အကျဉ်းထောင် ဝန်ထမ်း ၅ ဦးကို ဖမ်းဆီးထိန်းသိမ်းထားတာတယ်လို့ မြန်မာနိုင်ငံလုံးဆိုင်ရာ အကျဉ်းသားများကွန်ရက်(PPNM) ကနေ သိရပါတယ်။
ဖြိုခွင်းမှုနဲ့ပတ်သက်ပြီး ထောင်ပိုင်လေး ကျော်မင်းဦး၊ထောင်ဆေးရုံဆရာဝန် ထွန်းထွန်းအောင် အပါအဝင် ထောင်ဝန်ထမ်းငါဦးကို ဧပြီလ ၂၄ ရက်နေ့က ဖမ်းဆီးထိန်းသိမ်းထားတယ်လို့ ဆိုပါတယ်။
ဒါ့အပြင် ဆန္ဒပြမှုမှာ ပါဝင်တယ်ဆိုတဲ့ အကြောင်းပြချက်နဲ့ နိုင်ငံရေးအကျဉ်းသားအပါအဝင် အကျဉ်းသား ၁၉ ဦးကို တိုက်ပိတ်ထားပြီး ထောင်တွင်းပြစ်ဒဏ်အမိန့်ချမှတ်ဖို့ ပြင်ဆင်နေတယ်လို့ PPNM က ဒီကနေ့ ဧပြီလ ၂၆ ရက်နေ့မှာ သတင်းထုတ်ပြန်ထားတာပါ။
“မြစ်ကြီးနားအကျဉ်းထောင်ထဲမှာ သေဆုံးမှုဖြစ်တဲ့ ကိစ္စကြောင့်လည်း ပါမယ်။ တခြားကျွန်တော်တို့မသိနိုင်တဲ့ ကိစ္စတွေလည်း ရှိနိုင်ပါတယ်။
အဓိကကတော့ သေဆုံးမှုဖြစ်လောက်အောင်အထိ လုပ်ခဲ့တဲ့ကိစ္စနဲ့ အဓိကခေါ်ယူစစ်ဆေးတယ်။“ PPNM ဦးဆောင်ကော်မတီဝင် ကိုသိုက်ထွန်းဦးက မြစ်ကြီးနားသတင်းဂျာနယ် ကိုပြောပါတယ်။
ပြီးခဲ့တဲ့ ဧပြီလ ၁၈ ရက်နေ့က မြစ်ကြီးနားအကျဉ်းထောင်မှာ ဆန္ဒထုတ်ဖော်မှုကို နှိမ်နှင်းတဲ့အချိန် ကျည်အစစ်သုံးပြီး ဖြိုခွင်းခဲ့တာကြောင့် နိုင်ငံရေးအကျဉ်းသား၂ ဦးနဲ့ အခြားအကျဉ်းသား ၃ ဦး၊ စုစုပေါင်း ၅ ဦး သေဆုံးခဲ့ရတာပါ။
သေဆုံးခဲ့ရတဲ့ နိုင်ငံရေးအကျဉ်းသား ၂ ယောက် ကတော့ အသက် ၂၂ နှစ်အရွယ် ကိုအောင်နိုင်ထွန်းနဲ့ အသက် ၂၄ နှစ်အရွယ် ကိုကျော်စိုးဝင်းတို့ ဖြစ်ပါတယ်။
ပြီးခဲ့တဲ့ မြန်မာ့နှစ်သစ်ကူး နှစ်ဆန်းတစ်ရက်နေ့ (ဧပြီလ ၁၇ရက်) က အကျဉ်းသားတွေကို လွှတ်ပေးတဲ့အထဲ လွတ်ငြိမ်းချမ်းသာခွင့်ထဲ မပါဝင်ဘဲ မြစ်ကြီးနားအကျဉ်းထောင်မှာ နှစ်ရှည်ထောင်ဒဏ် ကျခံနေရတဲ့ အကျဉ်းသားတွေက ဧပြီလ ၁၈ ရက်နေ့ညနေပိုင်းမှာ ထောင်တွင်းဆန္ဒထုတ်ဖော်ခဲ့တာလည်း ဖြစ်ပါတယ်။
ဆန္ဒထုတ်ဖော်မှုကို အကျဉ်းဦးစီးဌာနကနေ လေးခွနဲ့ပစ်ခတ်တဲ့အပြင် ကျည်အစစ်နဲ့ပါ ပစ်ခတ်ခဲ့တာကြောင့် အကျဉ်းသား ၅ ဦးသေဆုံးပြီး ၈ ဦးဒဏ်ရာရရှိခဲ့တာပါ။
လွတ်ငြိမ်းချမ်းသားခွင့်ပေးတဲ့အထဲမှာ မြစ်ကြီးနားအကျဉ်းထောင်က အယောက် ၄၀ ပါဝင်ပြီးတော့ တစ်နိုင်ငံလုံးအတိုင်းအတာအနေနဲ့ အကျဉ်းသား ၃,၀၀၀ ကျော်ကို လွတ်ငြိမ်းချမ်းသာပေးခဲ့တာလည်း ဖြစ်ပါတယ်။







