အောက်တိုဘာ၊ ၃၁
တိုက်ပွဲတွေနဲ့ လက်နက်ကြီးပစ်ခတ်မှုတွေကြောင့် ထွက်ပြေးနေရတဲ့ ရှမ်းပြည်နယ်မြောက်ပိုင်း၊ မန်တုံမြို့နယ်၊ နမ့်ဟိုင်းကျေးရွာက ဒေသခံတွေအတွက် ဆေးဝါးနဲ့ အစားအသောက်လိုအပ်မှုတွေ ရှိနေပါတယ်။
အောက်တိုဘာလ ၂၉ ရက်နေ့ မနက်ပိုင်းကတည်းက နမ့်ဟိုင်းကျေးရွာမှာ တိုက်ပွဲဖြစ်ပွားနေတာဖြစ်ပြီး နမ့်ဟိုင်းကျေးရွာအခြေစိုက် စစ်ကောင်စီတပ် ခမရ ၃၂၄ တပ်ရင်းကို KIA တပ်ရင်း ၈ တပ်ဖွဲ့က မနေ့က အောက်တိုဘာလ ၃၀ ရက်နေ့ ညနေပိုင်း ၆ နာရီခွဲလောက်မှာ တိုက်ခိုက်သိမ်းပိုက်လိုက်တယ်လို့ သိရပါတယ်။
တိုက်ပွဲစတင်ဖြစ်ပွားကတည်းက ထွက်ပြေးတိမ်းရှောင်နေကြတဲ့ နမ့်ဟိုင်းဒေသခံတွေကတော့ လက်ရှိအချိန် ကျေးရွာထဲ ပြန်သွားချင်ပေမဲ့ စစ်ကောင်စီရဲ့ လေကြောင်းပစ်ခတ်မှုကို စိုးရိမ်ရတာကြောင့် တိမ်းရှောင်နေကြဆဲဖြစ်တယ်လို့ ဒေသခံတစ်ဦးက မြစ်ကြီးနား သတင်းဂျာနယ်ကို ပြောပါတယ်။
“ပြန်တော့ပြန်ချင်ပြီ။ ဒါပေမဲ့ မပြန်ရဲသေးဘူး။ မိုးလည်းရွာတယ်။ ဆေးဝါးတွေလည်း မရဘူး။ ရွာထဲပြန်လည်း ဆိုင်တွေ ဘယ်သူမှမဖွင့်ဘူး။ ဆေးခန်းတစ်ခုရှိတာ ဆေးခန်းက ဆရာ၊ ဆရာမတွေလည်း ပြေးသွားတော့ ဘယ်လိုမှ မယူနိုင်ဘူး။”လို့ ဆိုပါတယ်။
လက်ရှိ တောတောင်တွေထဲမှာ နေထိုင်နေရတဲ့ နမ့်ဟိုင်းဒေသခံ ၃၀၀ ကျော်ထဲက ကလေးသူငယ်တွေလည်း ဖျားနာမှုတွေ ရှိနေတဲ့အပြင် မိုးရွာတဲ့ကြားထဲက စားရေးသောက်ရေး အဆင်ပြေသလို ဖြေရှင်းနေကြရတယ်လို့လည်း ဆိုပါတယ်။
“ဒီမှာက ဈေးလည်း ၅ ရက်မှာမှ ဈေးတစ်ခါပဲရှိတော့ ဈေးကားမတက်ရင် ကျမတို့က အစားအသောက်တွေ မရဘူး။ တစ်ချို့ ဆန်မသယ်နိုင်တဲ့သူတွေလည်းရှိတယ်။ ပါလာတဲ့သူတွေနဲ့ ပေါင်းစားပြီး နေနေကြတာပေါ့။” လို့ဆိုပါတယ်။
တိုက်ပွဲဖြစ်ပွားတဲ့အချိန် စစ်ကောင်စီဘက်က လက်နက်ကြီးပစ်ခတ်တာနဲ့ လေယာဉ်ဗုံးကြဲတာတွေကြောင့် ဒေသခံတစ်ဦးထိခိုက်တာရှိပြီး နေအိမ်၊ ဘုရားကျောင်းဆောင် ပျက်စီးတာတွေလည်း ရှိခဲ့တယ်လို့ သိရပါတယ်။







