စစ်ကောင်စီပိုင် အမှတ် (၂) ပင်းပက်သံမဏိစက်ရုံ ပိတ်သိမ်းရေး ဒေသခံများလိုလား

370

 

အောက်တိုဘာ၊၃၀

ရှမ်းပြည်နယ်တောင်ပိုင်း၊ တောင်ကြီးမြို့နယ်၊ နမ့်ဆီအုပ်စုမှာရှိတဲ့ စစ်ကောင်စီပိုင် အမှတ် (၂) ပင်းပက်သံမဏိစက်ရုံကို ပိတ်သိမ်းပေးဖို့အတွက် ဒေသခံတွေ လိုလားနေကြတယ်လို့ အောက်တိုဘာလ ၃၀ ရက်နေ့မှာ ပအိုဝ့်လူငယ်အစည်းအရုံးက ထုတ်ပြန်လိုက်ပါတယ်။

အရင်အစိုးရ(NLD)လက်ထက် ၂၀၁၇ ခုနှစ်မှာ ငွေကြေးအရှုံးပေါ်လို့ ရပ်နားထားခဲ့ပြီဖြစ်တဲ့ သံမဏိစီမံကိန်းကို စစ်ကောင်စီဟာ ရုရှားနဲ့ပူးပေါင်းပြီး ပြန်လည်စတင်လည်ပတ်နိုင်ဖို့ လုပ်ဆောင်လာတဲ့အတွက် ဒေသခံတွေ ကန့်ကွက်နေကြတာ ဖြစ်တယ်လို့ သိရပါတယ်။

အဲဒီ သတ္တုစက်ရုံစီမံကိန်းသာ လည်ပတ်လာခဲ့မယ်ဆိုရင် စစ်ကောင်စီအတွက် ဝင်ငွေတွေ တိုးလာစေပြီး Pinpet က ထုတ်လုပ်တဲ့ ဝက်သံ(သံမဏိတစ်မျိုး)ကို စစ်ကောင်စီက လက်နက်လုပ်ငန်းအတွက် အသုံးပြုဖို့ ရည်မှန်းထားတာကြောင့် စစ်ကောင်စီရဲ့ လက်နက်ထုတ်လုပ်တဲ့ အပိုင်းတွေမှာ ဒီထက်ပိုပြီး အားသာလာမှာ ဖြစ်တယ်လို့လည်း ပအိုဝ်းလူငယ်အစည်းရုံးက ဒါရိုက်တာ ကိုခွန်ဦးက ပြောပါတယ်။

နိုင်ငံရေးအကျပ်အတည်းအောက်မှာ ဒေသခံတွေအနေနဲ့ ဆက်လက်ဖိနှပ်ခံဘဝတွေနဲ့ ရင်ဆိုင်ကြုံတွေ့နေရပြီး လူထုတွေရဲ့ အကြောက်တရားတွေနဲ့သာ နေ့စဉ်နေထိုင်ရတဲ့အတွက် စစ်မှန်တဲ့ လူထုအသံကို ဖော်ထုတ်ကြားနိုင်ဖို့ ခက်ခဲလာနိုင်ပြီး သဘာချောင်း၊ ပွန်ချောင်း၊ ပုန်းအင်းဒေသမှ ရေအရင်းအမြစ်တွေကို မှီခိုနေရတဲ့ ကျေးရွာတွေကဒေသခံတွနဲ့ တရိစ္ဆာန်တွေ ထိခိုက်လာမှာ ဖြစ်တယ်လို့လည်းပအိုဝ်းလူငယ်အစည်းရုံးက တာဝန်ရှိသူတစ်ဦးဖြစ်တဲ့ မနန်းက သုံးသပ်ပြောကြားထားပါတယ်။

မြန်မာစစ်တပ်ပိုင် မြန်မာ့စီးပွားရေးကော်ပိုရေးရှင်းနဲ့ ရှရှားအစိုးရပိုင် Tyazpromexport (TPE) တို့က ၂၀၀၄ ခုနှစ်မှာ စတင်ပူပေါင်း လက်မှတ်ရေးထိုးခဲ့ပြီး ၂၀၀၆ ခုနှစ်မှာ အကောင်အထည်ဖော်ခဲ့ကြတာ ဖြစ်တယ်လို့ ထုတ်ပြန်ချက်မှာပါရှိပါတယ်။

အဲဒီအချိန်တုန်းက ပင်းပက်စီမံကိန်းတည်ဆောက်ဖို့ ဆက်စပ်မြေ ၁၁,၀၀၀ ဧကကျော်ကို လျော်ကြေးတချို့နဲ့ အတင်းအဓမ္မ သိမ်းယူခဲ့တဲ့အပြင် လူနေအိမ် ၁၅ လုံးနဲ့ လူဦးရေ ၅၀ ဟာ အတင်းအဓမ္မ ရွှေ့ပြောင်းခဲ့ရတယ်လို့လည်း ထုတ်ပြန်ထားပါတယ်။

ဒါပေမဲ့၂၀၁၇ ခုနှစ် NLD အစိုးရလက်ထက်မှာ ငွေကြေးအရှုံးပေါ်တဲ့အတွက် ရပ်နားလိုက်တာ ဖြစ်ပါတယ်။

အဲဒီစီမံကိန်းကို ပြန်လည် လည်ပတ်နိုင်ဖို့အတွက် စစ်ကောင်စီက စက်ရုံတွေ ပြင်ဆင်ဆောက်လုပ်နေပြီး ၉၈ ရာခိုင်းနှုန်း ပြီးစီးပြီဖြစ်တဲ့အတွက် သံရည်ကျိုအလုပ်ရုံ ၂၂ ခုထဲက ၁၉ ရုံကိုစတင် စမ်းသပ်လုပ်ကိုင်နေကြပြီလို့လည်း မနေ့က သတင်းစာရှင်းလင်းပွဲမှာ ပအိုဝ့်လူငယ်အစည်းအရုံးမှာရှိတဲ့ တာဝန်ရှိသူတွေ ပြောကြားခဲ့ပါတယ်။

စက်ရုံတွေ လည်ပတ်နိုင်ဖို့အတွက် ရှမ်းပြည်အလယ်ပိုင်းက ကျေးသီမြို့ကနေ ကျောက်မီးသွေးကို တူးဖော်ပြီး သဘာဝဓာတ်ငွေ့ကိုတော့ မကွေးမြို့ ရွေသဘာဝဓာတ်ငွေ့ ပိုက်လိုင်းကနေရယူပြီးတော့ သတ္တုရိုင်းတွေ ပင်းပက်ကို သွယ်တန်းနိုင်ဖို့ ရထားလမ်းတွေဖောက်လုပ်ကာ မန္တလေးတိုင်း၊ မြင်းခြံမြို့ကို ပို့ဆောင်ပြီး ဆက်လက်သန့်စင်သွားကြမှာလို့လည်း သိရကြောင်း ထုတ်ပြန်ထားပါတယ်။

ကျန်တဲ့ စက်ရုံ ၃ ရုံကိုလည်း အမြန်ဆုံးလည်ပတ်နိုင်ဖို့အတွက် လုပ်ဆောင်နေပြီဖြစ်ပြီး ရာနှုန်းပြည့်ပြီးစီးပြီးတော့ လည်ပတ်နိုင်ခဲ့မယ်ဆိုရင် တစ်နှစ်ကို သံစိမ်းတန်ချိန် ၂ သိန်း ထုတ်လုပ်နိုင်မယ်လို့လည်း ခန့်မှန်းထားကြတာပါ။

အဲဒီလိုသာ လည်ပတ်သွားမယ်ဆိုရင် တဘက်ချောင်းတစ်လျှောက်မှာ နေထိုင်ကြတဲ့ တောင်သူလယ်သမား ၃ သောင်းခွဲလောက်ရဲ့ အသက်မွေးဝမ်းကြောင်းအတွက် မှီခိုနေတဲ့ စိုက်ပျိုးမြေယာနဲ့ မြစ်ချောင်းတွေ ပျက်စီးသွားမယ့်အပြင် သဘာဝပတ်ဝန်းကျင်၊ ကျန်းမာရေးနဲ့ လေထုညစ်ညမ်းမှုဒဏ်ကိုပါ ထပ်မံရင်ဆိုင်နိုင်တယ်လို့လည်း ထုတ်ပြန်ထားပါတယ်။

ဒါ့အပြင် အဲဒီစက်ရုံတွေ လည်ပတ်နိုင်ဖို့ အသုံးပြုရတဲ့ အရင်းအမြစ်တွေကို ထုတ်လုပ်ပေးရတဲ့ ဒေသတွေမှာလည်း ဆိုးကျိုးတွေ ဆက်လက်ကြုံတွေ့နေရဦးမှာ ဖြစ်တယ်လို့လည်း ထုတ်ပြန်ထားတာပါ။

စစ်တပ်အနေနဲ့ အဲဒီစီမံကိန်းကို ပြန်လည်စတင်ရတာဟာ စစ်တပ်ရဲ့ဘဏ္ဏာ ငွေဖြည့်တင်းဖို့နဲ့ စက်ရုံက ထုတ်ယူတဲ့ သတ္တုရိုင်းဟာ စစ်တပ်ရဲ့ လက်နက်စက်ရုံအတွက် ဦးတည်နေတာကို မြင်တွေ့နေရကြောင်းလည်း ဆိုထားပါတယ်။

စစ်ကောင်စီခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်နဲ့ ရုရှားနိုင်ငံခြားရေးဝန်ကြီးတို့ တွေ့ဆုံတဲ့ အစည်းအဝေးမှာ စီမံကိန်းအမြန်စတင်ဖို့ တိုက်တွန်းထာပြီး အောက်တိုဘာလ ပထမပတ်လောက်ကလည်း နှစ်နိုင်ငံ နျူကလီယား သဘောတူပူးပေါင်းဆောင်ရွက်ရေး သဘောတူညီချက်တွေ လက်မှတ်ရေးထိုးခဲ့ကြတယ်လို့ ပအိုဝ့်လူငယ်အစည်းရုံးရဲ့ ထုတ်ပြန်ချက်မှာ ပါရှိပါတယ်။

အဲဒီစီမံကိန်းဟာ ဒေသခံပြည်သူလူထုတွေရဲ့ ယဉ်ကျေးမှု၊ လုံခြုံရေး၊ စိုက်ပျိုးရေးနဲ့ ကျန်းမာရေးတွေကို ထိခိုက်စေတဲ့အပြင် ရေအရင်း အမြစ်၊ သဘာဝပတ်ဝန်းကျင်နဲ့ မြေယာ ဆုံးရှုံးမှုတွေ ဖြစ်တာကြောင့် စီမံကိန်းကို ချက်ချင်းပိတ်သိမ်းဖို့ လိုအပ်တယ်လို့လည်း ဆိုပါတယ်။

ပြည်သူလူထုထဆီကနေ မတရား သိမ်းဆည်းထားတဲ့ မြေယာတွေကို မူလတောင်သူတွေဆီ ပြန်လည်ပေးအပ်ဖို့နဲ့ အသုံးပြုလို့ မရတော့တဲ့ မြေတွေကို တရားမျှတစွာ လျှော်ကြေး နစ်နာကြေးတွေ ဆောင်ရွက်ပေးဖို့ လိုအပ်ကြောင်း ပအိုဝ်းလူငယ်အစည်းရုံးက အကြံပြုတိုက်တွန်းထားပါတယ်။

 

LEAVE A REPLY

Please enter your comment!
Please enter your name here