ကဇူးယန်ကျေးရွာ ဆေးပေးခန်းဝင်းတွင် တပ်စွဲနေသည့် လီဆူပြည်သူ့စစ်များအား ထွက်ခွာပေးရန် ဒေသခံများ လိုလား

241

 

အောက်တိုဘာ၊ ၃၁

ဝိုင်းမော်- လိုင်ဇာလမ်းပေါ်ရှိ ကဇူးယန်ကျေးရွာက ဆေးပေးခန်းဝင်းမှာ လီဆူပြည်သူ့စစ်အဖွဲ့က ကတုတ်ကျင်းတူးပြီး ခံတပ်စခန်း အခိုင်အမာ ဆောက်လုပ်နေထိုင်နေကြတဲ့အတွက် ဒေသခံတွေစိုးရိမ်နေကြပြီး ရွာအတွင်းက အမြန်ဆုံးထွက်ခွာစေလိုတယ်လို့ ဒေသခံတွေက ပြောပါတယ်။

လီဆူပြည်သူ့စစ်တွေဟာ အောက်တိုဘာ ၂၉ ရက်နေ့က ရောက်လာကြတာဖြစ်ပြီး ဆေးပေးခန်းဝင်းမှာ တပ်စွဲနေကြတာဖြစ်တယ်လို့ ကဇူးယန်ဒေသခံတစ်ဦးက အခုလိုပြောပါတယ်။

“သူတို့လာနေရင် တောဘက်ကသူတွေ(KIA) လာပစ်ရင်၊ ဟိုတစ်လောက ဒရုန်းနဲ့ လာပစ်တဲ့အချိန် သူတို့(စစ်ကောင်စီ)စခန်းကို လာပစ်တာလား၊ လာခြောက်တာလားတော့ မသိဘူး။ ဘေးမှာတွေပဲကျလို့ အဲဒီလိုလွဲချော်မှုတွေပဲဖြစ်ရင်ဆိုတဲ့ စိတ်နဲ့ အရမ်းကြောက်နေတယ်။ အိမ်မှာတောင် မအိပ်ရဲဖြစ်နေတယ်။”လို့ဒေသခံကဆိုပါတယ်။

ကဇူးယန်ကျေးရွာအုပ်ချုပ်ရေးမှူးနဲ့ ရပ်မိရပ်ဖအဖွဲ့တွေကတော့ ကဇူးယန်စစ်ကောင်စီတပ်စခန်းမှာ သွားရောက်ပြီး ပြည်သူ့စစ်တွေကို ရွာအတွင်းမနေခိုင်းဖို့အတွက် သွားတောင်းဆိုတာရှိတယ်လို့လည်း သိရပါတယ်။

ပြည်သူ့စစ်အဖွဲ့တွေ တပ်စွဲနေတဲ့ ဆေးပေးခန်းဝင်းဟာ စာသင်ကျောင်းအနီးမှာ ရှိတာဖြစ်တဲ့အတွက် ကျောင်းသူ/သားတွေရဲ့ လုံခြုံရေးကို စိုးရိမ်နေကြတယ်လို့လည်း ဆိုပါတယ်။

ပြည်သူ့စစ်တပ်သားတွေဟာ သူတို့စခန်းချနေထိုင်တဲ့ ဆေးပေးခန်းဝင်းပတ်ပတ်လည်ကို ကတုတ်ကျင်းတွေတူပြီး စခန်းကို အခိုင်အမာ ဆောက်လုပ်နေကြတယ်လို့ နောက်ထပ်ကဇူးယန်ဒေသခံတစ်ဦးကလည်း ပြောပါတယ်။

“ကတုတ်ကျင်းတူးလိုက်ပြီး ပတ်ပတ်လည်မှာ ဆာလာအိတ်တွေ အကာလုပ်လိုက်ပြီးတော့ အဲဒီအပေါ်မှာမှ ကဇူးယန်နဲ့ ဂါးရာယန်ကြားမှာရှိတဲ့ သစ်တောကျွန်းသစ်ကို ခုတ်ယူပြီး အဲဒီအပေါ်မှာတင်ပြီး မြေပြန်ဖို့ပြီး အဲဒီလိုလုပ်ကြတယ်။ အမှန်ဆိုရင် အဲဒီကျွန်းသစ်တွေကို ပြည်သူတွေဆိုရင်တော့ သွားခုတ်လို့မရဘူး။ ကျွန်းသစ်က သစ်တောနဲ့ပဲ ဆိုင်တယ်လေနော်။ အဲဒါကို သူတို့က စစ်သားဆိုတော့ သွားခုတ်ယူပြီး သုံးနေကြတယ်။”လို့ ဒေသခံက ဆိုပါတယ်။

ကဇူးယန်ကျေးရွာကို ပြောင်းရွေ့မလာခင်လည်း ဂါးရာယန်ကျေးရွာကျောင်းရှေ့တစ်ဝိုက်က နေအိမ်တွေမှာ စခန်းချ နေထိုင်ကြတာဖြစ်တယ်လို့လည်း သိပါတယ်။

ပြည်သူ့စစ်တပ်သားတွေ ဂါးရာယန်ကျေးရွာမှာ စခန်းချတဲ့အချိန် လွန်ခဲ့တဲ့ အောက်တိုဘာလ ၂၆ ရက်နေ့မှာ ဂါးရာယန်ရွာက ကျောင်းသူတစ်ဦးနဲ့ ကျောင်းသားနှစ်ဦးကို ပြည်သူစစ် တပ်သားနှစ်ယောက် အရက်မူးပြီး ထိုးကြိတ်တဲ့ဖြစ်စဉ်ရှိခဲ့တဲ့အတွက် ကဇူးယန်ကျေးရွာကို ပြောင်းရွှေ့လာကြတာ ဖြစ်နိုင်တယ်လို့လည်း ဒေသခံတွေက သုံးသပ်ပြောနေကြပါတယ်။

အရင်ကတည်းက ရှိနေတဲ့ ကဇူးယန်စစ်ကောင်စီတပ်စခန်းက တပ်သားတွေကတော့ ဒေသခံတွေဆီ တစ်ခုခုလိုချင်တာရှိရင် အိမ်ရှင်၊ ခြံရှင်ကို တောင်းဆိုပြီးမှ ယူတတ်ကြပေမဲ့ အခုရက်ပိုင်းအတွင်းရောက်လာတဲ့ ပြည်သူ့စစ်တပ်သားတွေဟာ ရွာသားတွေကို ခွင့်ပြုချက်မတောင်းဘဲ မိမိစိတ်ကြိုက် ရွာထဲဝင်ထွက်သွားလာတာ၊ ဟင်းသီးဟင်းရွက်ခူးစားတာတွေကို ပြုလုပ်နေကြတယ်လို့လည်း ဒေသခံတွေက ပြောပါတယ်။

အဲဒါကြောင့် ဒေသခံတွေဟာ ရွာထဲမှာ နေရတာ အရင်ကထက် လုံခြုံမှုမရှိသလိုခံစားနေရတာကြောင့် သက်ဆိုင်ရာဌာနကတာဝန်ရှိသူတွေအနေနဲ့ ပြည်သူ့စစ်အဖွဲ့တွေ ရွာထဲက ထွက်ခွာပေးကြဖို့ကို လုပ်ဆောင်စေလိုတယ်လို့လည်း ဆိုပါတယ်။

လက်ရှိအချိန်မှာလည်း ရွာအနီးတစ်ဝိုက် တိုက်ပွဲတွေပြင်းထန်နေတာကြောင့် နေ့စဉ်၊ ညစဉ် စိုးရိမ်ထိတ်လန့်မှုတွေနဲ့ နေထိုင်နေကြရတယ်လို့ သိရပါတယ်။

ရွာသူ/သားတွေဟာ နောက်ထပ်စစ်ရှောင်ဘဝကို ပြန်မရောက်ချင်တဲ့အတွက်ကြောင့်နဲ့ ရှိသမျှ စုဆောင်ပြီး စိုက်ပျိုးထားတဲ့ ကောက်ပဲသီးနှံတွေကိုလည်း အဆုံးရှုံးမခံနိုင်တဲ့အတွက် ရွာထဲမှာ ဆက်လက်နေထိုင်နေကြတာ ဖြစ်တယ်လို့ နေရပ်ပြန်စစ်ရှောင်တွေက ပြောပါတယ်။

နေရပ်ပြန်ကျေးရွာတွေဖြစ်တဲ့ ဂါးရာယန်၊ ကဇူးယန်နဲ့ ဒဘတ်ယန်ကျေးရွာတွေမှာ လီဆူပြည်သူ့စစ် စစ်သားတွေ ဝင်ရောက်နေထိုင်နေတာနဲ့ ပတ်သက်ပြီး အောက်တိုဘာလ ၂၇ ရက်နေ့က လီဆူပြည်သူ့စစ်ခေါင်းဆောင် ဦးရွှေမင်းကို မြစ်ကြီးနားသတင်းဂျာနယ်က ဆက်သွယ်မေးမြန်တဲ့အချိန် ရွာကထွက်ဖို့အတွက် စစ်ကောင်စီရဲ့ ခွင့်ပြုချက်နဲ့ သာဆောင်ရွက်မှာဖြစ်ကြောင်း ဖြေကြားခဲ့ပါတယ်။

“KIA တွေက ဝင်နေပြီး ကျနော်တို့ကို ထွက်ပါဆိုတာက ထွက်လို့ ဖြစ်မှာမဟုတ်ဘူး။ ဒါက စစ်ဆင်းရေးကာလ၊ ကျနော်တို့ဒါ တပ်မတော်ရဲ့ တိုင်းရဲ့ အမိန့်နဲ့ပဲ ဆောင်ရွက်တာဖြစ်ပါတယ်။”လို့ ဦးရွှေမင်းက ဖြေကြားထားတာပါ။

ကဇူးယန်ကျေးရွာက ဒေသခံတွေ သာမက ဂါးရာယန်၊ ဒဘတ်ယန်စတဲ့ ကျေးရွာက ရွာသားတွေဟာ ဒီနှစ်အစောပိုင်းလောက်ကပဲ ဝိုင်းမော်မြို့နဲ့ မြစ်ကြီးနားမြို့ပေါ်က စစ်ရှောင်စခန်းတွေမှာ ဆယ်စုနှစ်တစ်စုကျော် နေထိုင်ခဲ့ရာကနေ ရွာထဲကို တရားဝင်ပြန်လာနေထိုင်နေကြတဲ့ သူတွေဖြစ်ပါတယ်။

 

LEAVE A REPLY

Please enter your comment!
Please enter your name here