ကျေးရွာအတွင်းက တိမ်းရှောင်လိုသည့် ဆယ်ဇင်းဒေသခံများအား ရွာထဲပြန်မဝင်ရန် ဆိုသည့် ခံဝန်ကတိထိုးပြီးမှသာ ထွက်ခွာခွင့်ပြုနေ

311

 

နိုဝင်ဘာ၊၁၄

စစ်ရေးအခြေအနေများကြောင့် ကျေးရွာကနေ ထွက်ပြေးတိမ်းရှောင်လိုတဲ့ ဆယ်ဇင်းဒေသခံတွေကို စစ်ကောင်စီက ရွာထဲပြန်မဝင်တော့ဘူးဆိုတဲ့ ခံဝန်ကတိထိုးပြီးမှသာ ထွက်ခွာခွင့်ပြုနေတဲ့အတွက် ဒေသခံတွေ ရွာအတွင်း ပိတ်မိနေတယ်လို့ သိရပါတယ်။

ပြီးခဲ့တဲ့ ရက်ပိုင်းတွေက ဆယ်ဇင်းကျေးရွာအောက်ဖက်မှာ တိုက်ပွဲဖြစ်ပွားတာတွေရှိတာကြောင့် ဒေသခံတွေ တိမ်းရှောင်ဖို့လုပ်တဲ့အချိန် ကျေးရွာအုပ်ချုပ်ရေးမှူးနဲ့ ရပ်ကွက်မှူးတွေက အိမ်ထဲမှာပဲနေဖို့နဲ့ ရွာအဝင်အထွက် ပိတ်တယ်ဆိုတဲ့အကြောင်း လိုက်အော်ပြောတာလို့ ဆယ်ဇင်းဒေသခံတစ်ဦးက မြစ်ကြီးနားသတင်းဂျာနယ်ကို ပြောပါတယ်။

“ပြည်သူတွေက ကြောက်လို့ ပြေးချင်တာပေါ့ အဲဒါကိုပိတ်လိုက်တာ။ကားတွေရော မမောင်းခိုင်းဘူး။ ရွာပြင်ထွက်ခွင့်နဲ့ ရွာအပြင်ကနေ ပြန်ဝင်ခွင့်အဲဒါကိုပိတ်တာ။ ထွက်ချင်တဲ့ပြည်သူ အများစုကလည်း မထွက်ရဲတော့ဘူး။”လို့ ဒေသခံက ဆိုပါတယ်။

ကျေးရွာထဲကနေ ထွက်သွားချင်တယ်ဆိုရင် နောက်တစ်ကြိမ် ပြန်မဝင်တော့ပါဘူးဆိုတဲ့ ခံဝန်ကတိကို ထိုးခိုင်းပြီးမှ ထွက်ခွင့်ရတာကြောင့် ဒေသခံပြည်သူတွေ ပိတ်မိနေတာ ၄ ရက်လောက်ရှိလာပြီလို့ ဆိုပါတယ်။

“ရွာကနေ ထွက်သွားချင်တဲ့ပြည်သူတွေကို လက်မှတ်ထိုးခိုင်းတာ အုပ်ချုပ်ရေးမှူးက။ လက်မှတ်ထိုးပြီး သူ့ရဲ့ ပိုင်ဆိုင်မှုအကုန်လုံး စွန့်ပစ်ရမှာပေါ့။ ဆယ်ဇင်းရွာကို ပြန်မဝင်တော့ဘူးဆိုမှ ထွက်ခိုင်းတာ။” လို့ ဒေသခံက ဆက်လက်ပြောပါတယ်။

ကျန်းမာရေးကိစ္စတစ်ခုတည်းကလွဲလို့ ရွာအဝင်အထွက်ပိတ်ထားပြီး စာသင်ကျောင်းလည်း ပိတ်ထားလိုက်ရသလို တိုက်ပွဲတွေပြန်ဖြစ်ပွားလာမှာကို ဒေသခံတွေ စိုးရိမ်နေတာလို့ဆိုပါတယ်။

စစ်ကောင်စီနဲ့ အုပ်ချုပ်ရေးဘက်က ရွာအဝင်အထွက် ပိတ်ထားသလို ဆယ်ဇင်းနဲ့ တာမခန်လမ်းပိုင်းကိုတော့ KIA၊PDF တပ်ဖွဲ့ဘက်က ပိတ်ပင်ထားတယ်လို့ သိရပါတယ်။

လက်ရှိ ဆယ်ဇင်းကျေးရွာမှာ အိမ်ခြေတစ်ရာကျော်၊ လူဦးရေ တစ်ထောင်ဝန်းကျင်လောက် ပြန်လည်ဝင်ရောက်ထားတာ ဖြစ်တယ်လို့လည်း သိရပါတယ်။

ဒါ့အပြင် ရှမ်းနီ SNA တပ်နဲ့ စစ်ကောင်စီတပ်တွေက ရွှေတွင်းကျေးရွာဘက်က ပိတ်ထားတဲ့ ဈေးဆိုင်တွေကိုလည်း မဖြစ်မနေဖွင့်လှစ်ခိုင်းနေသလို ဒေသခံတွေကိုလည်း KIA တွေရှိတဲ့ဘက် ထွက်ပြေးတိမ်းရှောင်တာတွေ မလုပ်ခိုင်းဘူးလို့လည်း အဲဒီဘက်နဲ့ နီးစပ်တဲ့ ဒေသခံတစ်ဦးဆီက သိရပါတယ်။

ပြီးခဲ့တဲ့ နိုဝင်ဘာလ ၉ ရက်နေ့က ဆယ်ဇင်းကျေးရွာအောက်ဖက်မှာရှိတဲ့ သံယောဇဉ်ကုန်းစခန်းကို KIA၊ PDF ပူးပေါင်းတပ်ဖွဲ့က သွားရောက်တိုက်ခိုက် သိမ်းပိုက်လိုက်ပြီး ရွှေတွင်းလမ်းဆုံဘက်မှာ တိုက်ပွဲဖြစ်ပွားပြီးတဲ့နောက် လက်ရှိအချိန်အထိ အဲဒီဒေသဘက်မှာ စစ်ရေးတင်းမာနေဆဲ အခြေအနေရှိတယ်လို့လည်း သိရပါတယ်။

 

LEAVE A REPLY

Please enter your comment!
Please enter your name here