ဇန်နဝါရီ၊၁၅
မအူပင်အကျဉ်းထောင်က နိုင်ငံရေးအကျဉ်းသူတွေကို လုံခြုံရေးဆိုင်ရာအကြောင်းပြပြီး လိင်ပိုင်းဆိုင်ရာ ဖိနှိပ်မှုတွေကို လုပ်ဆောင်နေတယ်လို့ မြန်မာနိုင်ငံလုံးဆိုင်ရာ နိုင်ငံရေးအကျဉ်းသားများကွန်ရက်(PPNM) က သိရပါတယ်။
လျှို့ဝှက်ရေးသားထားတဲ့ စာတွေ ပါမပါစစ်ဆေးတယ်ဆိုတဲ့ အကြောင်းပြချက်နဲ့ နိုင်ငံရေးအကျဉ်းသူတွေကို ကြမ်းကြမ်းတမ်းတမ်းပြောဆိုပြီး အဆောင်ရှေ့လူမြင်ကွင်းမှာ အင်္ကျီ၊ထမီနဲ့ အတွင်းခံတွေကို ချွတ်ခိုင်းပြီးတော့ အဝတ်ဗလာမဲ့ ရှာဖွေမှုတွေကို အမြဲတစေ ပြုမှုဆောင်ရွက်နေတာ ဖြစ်တယ် လို့ PPNM က ဆိုပါတယ်။
မအူပင်အကျဉ်းထောင်ရဲ့ အမျိုးသမီးအဆောင်က နိုင်ငံရေးအကျဉ်းသူတွေကို တရားရုံးထွက်ချိန်နဲ့ ပြန်လာချိန်တွေမှာ အခုလို လိင်ပိုင်းဆိုင်ရာနှောက်ယှက်မှုနဲ့ ဖိနှိပ်မှုတွေကို အမျိုးသမီးအဆောင်မှူး ဒေါ်မေဇင်ထွန်းနဲ့ အကျဉ်းထောင်ဝန်ထမ်းအမျိုးသမီးတွေက ကျုးလွန်တာဖြစ်တယ်လို့ PPNM က ဇန်နဝါရီ ၁၄ ရက် က ထုတ်ပြန်ခဲ့တာပါ။
“ကျွန်တော်တို့ တစ်လကြာစောင့်ကြည့်ခဲ့တယ်။ အဲဒီမတိုင်ခင်ကလည်း သူတို့တွေလုပ်နေတယ်ဆိုတာ သိရတယ်။ သိသိချင်းထုတ်မပြန်ဘူး။ စောင့်ကြည့်တယ်၊ လေ့လာတယ်။ တစ်လကြာ သူတို့ရပ်သွားမလားပေါ့။ သို့သော် အခုချိန်ထိမရပ်တဲ့အတွက် ပြည်သူတွေသိအောင် ထုတ်ပြန်ခြင်း ဖြစ်ပါတယ်။” လို့ မြန်မာနိုင်ငံလုံးဆိုင်ရာ နိုင်ငံရေးအကျဉ်းသားများကွန်ရက်(PPNM) ဦးဆောင်ကော်မတီဝင် ကိုသိုက်ထွန်းဦးက ပြောပါတယ်။
ဒါ့အပြင် အမျိုးသမီးတွေရဲ့ လိင်အင်္ဂါအတွင်းထဲကို လက်နဲ့ နှိုက်ပြီးရှာဖွေတာတွေအထိ ပြုလုပ်နေတာကို PPNM က စုံစမ်းသိရှိထားတယ်လို့လည်း ဆိုပါတယ်။
လုံခြုံရေးအရ စစ်ဆေးမှုတွေ ပြုလုပ်မယ်ဆိုရင်လည်း မန္တလေးအိုးဘိုအကျဥ်းထောင်ကလို့ X-Ray စက်မျိုးတွေ အသုံးပြုနိုင်ပြီး အဝတ်အစားတွေ ချွတ်ခိုင်းစရာမလိုဘူးလို့လည်း ကိုသိုက်ထွန်းဦးက ထောက်ပြပြောဆိုပါတယ်။
“နည်းပညာခေတ်ကြီးထဲမှာ အဝတ်အစားတွေ ချွတ်ခိုင်းစရာမလိုဘူး။ မန္တလေးအိုးဘိုအကျဉ်းထောင်မှာဆို X-Ray စက်တွေရှိတယ်။ အဲဒီစက်ကနေ ဖြတ်ခိုင်းလိုက်ရင် ဘယ်သူမဆို သူတို့ပြောတဲ့ဟာတွေပါ/မပါ သိနိုင်တယ်။ ဒါကအမျိုးသမီးတွေရဲ့ အရှက်နဲ့သိက္ခာကို သူတို့တွေအနေနဲ့ စော်ကားတယ်လို့ မြင်တယ် ” လို့ ကိုသိုက်ထွန်းဦးက ဆက်လက်ပြောပါတယ်။
မြန်မာနိုင်ငံလုံးဆိုင်ရာ နိုင်ငံရေးအကျဉ်းသားများကွန်ရက်(PPNM)အနေနဲ့ အဲဒီ စေခိုင်းသူတွေ ၊ပါဝင်ပတ်သက်သူတွေနဲ့ ကျူးလွန်သူတွေကို အကူးအပြောင်းကာလ တရားမျှတမှုဖော်ဆောင်တဲ့ အချိန် ကျူးလွန်ခံရတဲ့ အမျိုးသမီးတွေ တရားမျှတမှုရရှိစေဖို့အတွက် ပြည်သူ့တရားရုံးကနေတဆင့် ပြန်လည်တရားစွဲဖို့ ကြိုးပမ်းသွားမှာ ဖြစ်တယ်လို့လည်း ပြောကြားထားပါတယ်။







