နိုဝင်ဘာ၊ ၂၈
စစ်ကိုင်းတိုင်း၊ ဟုမ္မလင်းမြို့နယ်ထဲက ရွှေပြည်အေးမြို့ကို သိမ်းပိုက်လိုက်ပြီလို့ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) က ဒီနေ့ညပိုင်းမှာ ထုတ်ပြန်လိုက်ပါတယ်။
အဲဒီမြို့ကို နိုဝင်ဘာ ၂၁ ရက်နေ့မှာ မနက်ပိုင်းမှာတိုက်ခိုက်ခဲ့တာဖြစ်ပြီး နိုဝင်ဘာ ၂၂ ရက်နေ့ ညနေပိုင်းမှာ သိမ်းပိုက်နိုင်ခဲ့တာလို့ ဆိုပါတယ်။
တိုက်ပွဲမှာ စစ်ကောင်စီတပ်သား ၈ ယောက်ကို ဖမ်းဆီးရမိခဲ့ပြီး လက်နက်ခဲယမ်းတွေကိုလည်း သိမ်းဆည်းရမိခဲ့တယ်လို့ NUG ရဲ့ ကာကွယ်ရေးဝန်ကြီးဌာနက ဆိုပါတယ်။
ထုတ်ပြန်ထားတဲ့ ဓာတ်ပုံတွေအရ သိမ်းဆည်းနိုင်ခဲ့တဲ့ပစ္စည်းတွေဟာ လက်လုပ်သေနတ်တွေအပါအဝင် လက်နက်ငယ် ၂၅ လက်ဝန်းကျင်၊အမြောက် ၂ လက်၊ ကျည်ဆံတွေနဲ့ စစ်သုံးပစ္စည်းတချို့ကိုလည်း တွေ့ရပါတယ်။
အခုနှစ် ဖေဖော်ဝါရီလ ၁ ရက်နေ့ကလည်း အဲဒီမြို့က စစ်ကောင်စီစခန်းအများစုကို တော်လှန်ရေးအင်အားစုတွေက တိုက်ခိုက်ခဲ့ပြီး စစ်ကောင်စီရဲ့ ရဟတ်ယာဉ်တစ်စီးကိုလည်း ပစ်ချနိုင်ခဲ့တယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရက ထုတ်ပြန်ခဲ့ပါသေးတယ်။ ဒါပေမဲ့ စစ်ကောင်စီက ရက်ပိုင်းအတွင်း အဲဒီမြို့ကို ပြန်သိမ်းပိုက်ခဲ့ပါတယ်။
ရွှေပြည်အေးမြို့ကို ဦးသန်းရွှေလက်ထက်မှာ ဗိုလ်ချုပ်သာအေးက တည်ထောင်ခဲ့တာဖြစ်ပြီး လူဦးရေ ၂၅၀၀ ကျော်ရှိတယ်လို့ ၂၀၁၄ သန်းခေါင်စာရင်းအရ သိရပါတယ်။
အဲဒီမြို့မှာ သစ်အချောထည်စက်ရုံတချို့လည်းရှိသလို အနီးအနားမှာ ရွှေမျောလုပ်ငန်းတွေလည်းရှိတာကြောင့် စစ်ရေးအရရော စီးပွားရေးအရပါ အရေးပါတဲ့ မြို့တစ်ခုဖြစ်တဲ့အပြင် စစ်ကိုင်းတိုင်းနဲ့ ကချင်ပြည်နယ်ကို ချင်းတွင်းမြစ်အတိုင်း ရေကြောင်းကနေ ဆက်သွယ်သွားလာလို့ရတဲ့ နေရာလည်း ဖြစ်ပါတယ်။
အဲဒီမြို့အသိမ်းခံရတာနဲ့ပတ်သက်လို့တော့ စစ်ကောင်စီက ဒီနေ့နိုဝင်ဘာလ ၂၈ ရက်နေ့ ညပိုင်းအထိ တစ်စုံတစ်ရာ ထုတ်ပြန်မှုမရှိသေးပါဘူး။







