မတ်၊ ၆
စစ်ကိုင်းတိုင်းဒေသကြီး၊ ကောလင်းမြို့အရှေ့ဘက်ခြမ်းက ကျောက်တန်းရွာမှာ တပ်စွဲနေတဲ့ စစ်ကောင်စီစစ်ကြောင်းဟာ ဒီကနေ့မတ်လ ၆ ရက်နေ့ မနက်ပိုင်းလမှာ ချပ်ကုန်းရွာဘက်ကို ဦးတည်စစ်ကြောင်းထိုးသွားပြီ ဖြစ်တဲ့အတွက် ရွှေဘို- မြစ်ကြီးနားလမ်းကို ပြန်ဖွင့်ပေးလိုက်ပြီလို့ သိရပါတယ်။
အင်အား ၁၀၀ လောက်ပါတဲ့ အထက်ပါစစ်ကြောင်းဟာ ချပ်ကုန်းရွာဘက် ထွက်ခွာသွားပြီးနောက် မနက် ၉ နာရီ ဝန်းကျင်လောက်ကစပြီး လမ်းဖွင့်ပေးလိုက်တာလို့ ကောလင်းတော်လှန်ရေး ရဲဘော်တစ်ဦးက ပြောပါတယ်။
လမ်းကြောင်းဖွင့်ပိတ်အချိန်တွေဟာ စစ်ကောင်စီစစ်ကြောင်းပေါ် မူတည်တာကြောင့် အတည်တကျ ပြောဆိုလို့မရဘူးလို့လည်း ဆိုပါတယ်။
လွန်ခဲ့တဲ့ မတ်လ ၂ ရက်နေ့ကစပြီး ကျောက်တန်းလမ်းဆုံ သစ်ဖုလှဘုရားကုန်းကနေ ခံသာရွာကို အင်အား ၁၀၀ ကျော်နဲ့ စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီစစ်ကြောင်းနဲ့ ကောလင်းခရိုင် အမှတ်(၁) တပ်ရင်း၊ အမှတ် (၄) တပ်ရင်း၊ ကောလင်းခရိုင် ပြည်သူ့ကာကွယ်ရေးအဖွဲ့အပါ တော်လှန်ရေးပူပေါင်းတပ်ဖွဲ့တွေဟာ မတ်လ ၄ ရက်နေ့အထိ တိုက်ပွဲတွေ ပြင်းထန်ခဲ့တာပါ။
အဲဒါကြောင့် ရွှေဘို- မြစ်ကြီးနားလမ်းပိုင်းကို ယာယီပိတ်ထားခဲ့ရတဲ့အတွက် ခရီးသည်အယောက် ၁၅၀,၀၀ လောက်ဟာလည်း ပိတ်မိနေပြီး အကူအညီတွေ လိုအပ်နေကြတဲ့အတွက် ကောလင်းလူသားစာနာဌာနက ထမင်းထုပ်တွေကို နေ့စဉ်ပေးလှူခဲ့တယ်လို့လည်း သိရပါတယ်။
အဲဒီနောက် မတ်လ ၄ ရက်နေ့ ညနေ ၆ နာရီဝန်းကျင်လောက်မှာတော့ စစ်ကောင်စီတပ်ဘက်က အထိနာခဲ့တာကြောင့် တပ်ဆုတ်ခွာပြီး ကျောက်တန်းရွာက ဒေသခံပြည်သူတွေရဲ့ နေအိမ်တချို့ကို မီးရှို့ခဲ့ကြတဲ့အပြင် ခံသာရွာက ပြည်သူတွေရဲ့ နေအိမ်တွေကိုလည်း မီးရှို့ဖျက်စီးသွားခဲ့ကြတယ်လို့ သိရပါတယ်။
မတ်လ ၂ ရက်နေ့ကနေ ၆ ရက်နေ့အတွင်း စစ်ကောင်စီရဲ့ လေကြောင်းနဲ့ ဗုံးကြဲတိုက်ခိုက်မှုကြောင့် ခံသာရွာနဲ့ ကျောက်တန်းရွာက အထက်တန်းကျောင်းဆောင်ကြီး ၂ ဆောင်နဲ့ နေအိမ်အလုံး ၂၀ ကျော် ပျက်စီးသွားရတယ်လို့ သိရပါတယ်။
တော်လှန်းရေးမဟာမိတ် ပူးပေါင်းတပ်ဖွဲ့တွေအနေနဲ့ စစ်ကောင်စီကို တိုက်ထုတ်ရှင်းလင်းချိန် စစ်ကောင်စီတပ်သား ၃ ယောက်ရဲ့အလောင်းနဲ့ MA 3 တစ်လက်၊ ကင်းထောက်ဒရုန်း ၁ စီး၊ ငါးကြင်းမြီး(စက်လက်) ပြောင်းတစ်ခုနဲ့ ခဲယမ်းတချို့ကို သိမ်းဆည်းရရှိခဲ့ကြောင်း ကောလင်းခရိုင်အမှတ် ၁ တပ်ရင်းက သတင်းထုတ်ပြန်ထားပါတယ်။
တိုက်ပွဲကြောင့် ကောလင်းမြို့နယ်အတွင်းမှာ စစ်ရှောင်ဦးရေ တိုးမြင့်လာနေတဲ့အပြင် စစ်ရှောင်ကာလ တစ်လကျော်လာပြီ ဖြစ်တာကြောင့် အကူညီပေးကြဖို့ ကောလင်းလူသားစာနာဌာနက တောင်းဆိုနေကြောင်း Kawlin Revolution – KR က ထုတ်ပြန်ထားပါတယ်။
ဒါ့အပြင် ကောလင်းမြို့နယ်အတွင်း စစ်ကောင်စီက စစ်ရေးအရှိန် ထပ်မံမြှင့်တင် လာနိုင်တဲ့အတွက် ကောလင်းပြည်သူတွေအနေနဲ့ ပုန်းခိုကျင်းတွေ တူးကြဖို့နဲ့ အဝေးရောက် ကောလင်းပြည်သူတွေအနေနဲ့ စစ်ရှောင်တွေကို ဝိုင်းဝန်းကူညီပေးကြဖို့လည်း ကောလင်းလူသားစာနာဌာနက ထပ်မံ တောင်းဆိုနေကြောင်းလည်း ဖော်ပြပါရှိပါတယ်။
လတ်တလောမှာ စစ်ရှောင်တွေကို ကူညီနေတဲ့အချိန် လျှပ်စစ်မီးပြတ်တောက်မှုတွေနဲ့ ကုန်စည်စီးဆင်းဖို့ အခက်အခဲတွေကို ရင်ဆိုင်ကြုံတွေ့နေကြရတယ်လို့လည်း သိရပါတယ်။
ကောလင်းမြို့နယ်တစ်ခုလုံးမှာ စစ်ရှောင်လူဦးရေ ၂၀၀,၀၀ လောက်ရှိပြီး ကျောက်တန်းနဲ့ သစ်ဖုလှကျေးရွာမှာ ဖြစ်ပွားခဲ့တဲ့ တိုက်ပွဲကြောင့်လည်း အဲဒီရွာက စစ်ရှောင်အယောက် ၈,၅၀၀ လောက် ထပ်တိုးခဲ့ပါတယ်။
ကောလင်းလူသားစာနာဌာနနဲ့ တိုက်နယ်ပြည်သူ့အုပ်ချုပ်ရေး အဖွဲ့တွေက မတ်လ ၄ ရက်နေ့မှာ ကျောက်ပျဉ်သာ တိုက်နယ်အတွင်းက စစ်ရှောင်စခန်းတွေမှာရှိတဲ့ စစ်ရှောင်မိသားစုတွေကို တစ်ဦးကို ဆန်တစ်ပြည်နှုန်း၊ တစ်အိမ်ထောင်ကို စားဆီတစ်လီတာနဲ့ ဟင်းချိုမှုန့်တစ်ထုပ်စီ လှူဒါန်းပေးခဲ့တယ်လို့လည်း သိရပါတယ်။







