မေ၊၁၀
ကချင်ပြည်နယ်၊ပူတာအိုခရိုင်၊ တန်ဂျာကျေးရွာက မူလတန်းကျောင်းဆောင် မီးလောင်သွားတဲ့အတွက် ကျောင်းဖွင့်ချိန်အမီ စာသင်ကျောင်းဆောင် ရရှိဖို့ အခက်အခဲ ဖြစ်လာနိုင်တာကြောင့် အကူအညီ လိုအပ်နေကြတယ်လို့ သိရပါတယ်။
ပြီးခဲ့တဲ့ မေလ ၄ ရက်နေ့က မီးလောင်မှု ဖြစ်ပွားခဲ့ပြီး ကျောင်းဆောင်တစ်ခုလုံး မီးလောင်ကျွမ်းသွားခဲ့တာပါ။အထက်ပါကျေးရွာမှာ သစ်သားနဲ့ဆောက်လုပ်ထားတဲ့ မူလတန်းကျောင်း(မီးလောင်သွားသည့် ကျောင်းဆောင်)အပြင် အုတ်နဲ့ ပြုလုပ်ထားတဲ့ အလယ်တန်းတို့ ရှိတာလည်း ဖြစ်ပါတယ်။
ဘယ်လို အကြောင်းရင်းတွေကြောင့် မီးလောင်မှု ဖြစ်ခဲ့တယ်ဆိုတာ မသိရတဲ့အပြင် မီးလောင်တဲ့ အချိန်တုန်းက နိုင်ငံရေးအခြေအနေတွေကြောင့်ပါ အပြင်ထွက်ဖို့ ကြောက်နေရတဲ့အတွက် ကျောင်းဆောင်ကို အချိန်မီ မီးမငြှိမ်းသတ်နိုင်ခဲ့ကြဘူးလို့ အမည်မဖော်လိုတဲ့ အရပ်သားပြည်သူတစ်ဦးက မြစ်ကြီးနားသတင်းဂျာနယ်ကို အခုလို ပြောပါတယ်။
“အဲဒီမှာ ကျေးလက်ကပေးတဲ့ ဆိုလာရှိတယ်။ အဲဒ ပေါက်ပြီး လောင်သွားတာလား။ မီးကိုင်တာလည်း မရှိ။ ဘယ်လို ဖြစ်သွားတာလဲ မသိဘူး။ မနက်(၁)နာရီခွဲကနေ စလောင်တာ (၃)နာရီလောက်မှာ အကုန် ကုန်သွားပြီ“လို့ ဆိုပါတယ်။
ကလေးတွေ ကျောင်းဖွင့်ချိန် ရောက်လာပြီ ဖြစ်တဲ့အတွက် စာသင်ကျောင်းဆောင် ပြန်လည်ရရှိအောင် ကူညီပေးကြဖို့ကိုလည်း တောင်းဆိုလိုတယ်လို့ အထက်ပါ အရပ်သားပြည်သူက ဆိုပါတယ်။
အခု မီးလောင်သွားတဲ့ ကျောင်းဆောင်ဟာ မကြာသေးခင်ကပဲ သိန်း(၁၀၀)ကျော်ကုန်ကျခံ ပြန်လည် မွမ်းမံပြင်ဆင်ထားတာဖြစ်ပါတယ်။
တန်ဂျာကျေးရွာဟာ လူဦးရေ (၅၀၀)ကျော်လောက် နေထိုင်တာလည်း ဖြစ်ပါတယ်။







