ဇန်နဝါရီ၊၁၇
ကချင်ပြည်နယ်၊ ဝိုင်းမော်မြို့နယ်၊ အောင်မြေ ၁ ကျေးရွာ၊ အင်လုံခ တံတားစောင့်တဲ့ ပြည်သူ့စစ် စစ်သားတွေကနေ လီဆူလူမျိုးတွေသာမက အခြားကချင်မျိုးနွယ်စုတွေဖြစ်တဲ့ လော်ဝေါ်၊ လချိတ်၊ ဇိုင်ဝါး လူမျိုးတွေကိုပါ ဖမ်းဆီးမှုတွေ ပြုလုပ်နေတာ သုံးရက်ဆက်တိုက်ရှိလာပြီလို့ ဒေသခံပြည်သူတွေရဲ့ ပြောပြချက်အရ သိရပါတယ်။
အရင်က လီဆူလူမျိုးတွေကိုသာ ဖမ်းလေ့ရှိပေမဲ့ ဇန်နဝါရီလ ၁၄ ရက်နေ့ကစပြီး ကချင်မျိုးနွယ်စုထဲက လော်ဝေါ်၊ လချိတ်၊ ဇိုင်ဝါးလူမျိုးတွေကို ဖမ်းဆီးလာတာ ဖြစ်တယ်လို့ ဒေသခံပြည်သူတစ်ဦးက မြစ်ကြီးနားသတင်းဂျာနယ်ကို အခုလို ပြောပါတယ်။
“ဇိုင်ဝါးဆိုလည်းဖမ်း၊ လချိတ်၊လော်ဝေါ်ဆိုလည်း ဖမ်း။ ကလေးအမေ နို့တိုက်မိခင်တွေဆိုလည်း ဖမ်း။ မင်းဘာလူမျိုးလည်းဆိုပြီး မေးပြီး ကချင် ( ဖမ်းဆီးသူတွေအနေနဲ့ ဂျိန်းဖော့လူမျိုးကို ဆိုလိုခြင်းဖြစ်) လို့ ပြောရင် ကချင်ဆိုရင်သွားဆိုပြီး ပြောတယ်။ကချင်ဆိုရင် လွှတ်ပေးတယ်။ နာမည်မှာ ဘောမ်ပါတာနဲ့ ဖမ်းတာ၊။ ဇယ်နန်းတို့ဆို လာမပြောနဲ့ ဖမ်းပြီပဲ”လို့ ဒေသခံက ဆိုပါတယ်။
ဒါ့အပြင် ဇန်နဝါရီလ ၁၅ ရက်နေ့က အထက်ပါ ပြည်သူ့စစ် ဂိတ်စခန်းရှေ့ကနေ ဖြတ်သွားတဲ့အချိန် အသက် ၇၀ ကျော်အရွယ် လီဆူအမျိုးသမီးတစ်ဦးအပြင် အသက် ၁၃၊ ၁၄ နှစ် အရွယ်တွေအပါ ဖမ်းဆီးခံထားရသူ စုစုပေါင်း ၄၀ ထက်မနည်းကို မြင်လိုက်ရတယ်လို့ အထက်ပါ ဒေသခံက မျက်မြင်တွေ့ရှိခဲ့ရတာကို ပြန်လည်ပြောပြပါတယ်။
မနေ့က ဖမ်းဆီးခံရတဲ့အထဲ အောင်မြေ ၂ ကျေးရွာက ဓမ္မဆရာတစ်ဦးလည်း ပါဝင်ပြီး သက်ဆိုင်ရာ လူကြီးတွေကနေ ဓမ္မဆရာဖြစ်တဲ့အတွက် ပြန်လွှတ်ပေးဖို့ တောင်းဆိုမှ လွှတ်ပေးလိုက်တယ်လို့ အထက်ပါ ဒေသခံက ဆက်လက်ပြောပါတယ်။
“ဘာသာရေးဆရာတစ်ဦးလည်း ဖမ်းခံရတယ်။ ခုတော့ပြန်လွတ်ပြီ။ ဘာသာရေး ဆရာဟုတ်တယ်လို့ ပြောရင်လည်း အဘအမိန့်(ဦးရွှေမင်း)ဆိုပြီး သင်းအုပ်ပဲ လွှတ်ခွင့်ရှိတယ်။ ဘာသာရေးဆရာ၊ ဆရာမလည်း အကုန်လုံးခံရမယ်။ ကျွန်တော်တို့တပ်ရင်းထဲမှာလည်း ဘာသာရေးဆရာလိုတယ်လို့ ပြောတယ်တဲ့“လို့ ဒေသခံက ဆိုပါတယ်။
ဖမ်းဆီးခံ သက်ကြီးပိုင်းတွေကို ငွေကျပ် ၄ သိန်းနှုန်းနဲ့ လာရွေးခိုင်းတာတွေ ရှိတဲ့အပြင် အသက်မပြည့်သေးတဲ့ ကလေးတွေကိုတော့ မိသားစုထဲက တစ်ယောက်ယောက်နဲ့ လူစားပြန်လာလဲခိုင်းတာတွေ ပြုလုပ်နေတယ်လို့ ပြောဆိုနေကြပေမဲ့ မြစ်ကြီးနားသတင်းဂျာနယ်အနေနဲ့ အတိအကျ စုံစမ်းနိုင်တာတော့ မရှိသေးပါဘူး။
အခုလို ဖမ်းဆီးမှုတွေ ရှိနေတဲ့အတွက် ဒေသခံပြည်သူတွေ လမ်းသွား၊ လမ်းလာ သတိထားသွားလာနေရပြီး စိတ်အနှောက်အယှက် ဖြစ်ရတယ်လို့ နောက်ထပ် ဒေသခံပြည်သူတစ်ဦးကလည်း အခုလို ပြောပါတယ်။
“လော်ဝေါ်၊ လချိတ်၊ လီဆူလားဆိုပြီး မေးတယ်။ အရမ်းဆိုးနေတယ်။ ပုံမှန်တော့ မစစ်ဘူး။ ဘယ်လိုလည်း မသိဘူး။ အသက်ကြီးတဲ့ သူတွေကိုလည်း ဖမ်းထားတယ်။ အဲဒီမှာ အဆောင်တွေတောင် အများကြီး ဆောက်ထားတယ်”လို့ နောက်ထပ် ဒေသခံပြည်သူတစ်ဦးကလည်း ပြောပါတယ်။
အထက်ပါ လီဆူပြည်သူ့စစ်ဂိတ်စခန်းရှေ့ အဝင်၊ အထွက် လမ်းကြောင်းနေရာတွေမှာ ပြည်သူ့စစ် စစ်သားတွေ ၁၀ ယောက်လောက် နေရာယူပြီး စောင့်ကြပ်ဖမ်းဆီးတာတွေ ပြုလုပ်နေတာဖြစ်ပြီးတော့ ဒီကနေ့မနက်မှာတော့ အဲဒီဂိတ်စခန်းရှေ့က ဖြတ်သွားချိန် တားဆီးမေးမြန်းတာ မရှိသလို မနေ့က ဖမ်းဆီးထားတဲ့ ပြည်သူတွေကိုလည်း မတွေ့မိတဲ့အတွက် တစ်ခြားနေရာကို ရွှေ့လိုက်တာ ဖြစ်နိုင်တယ်လို့ ဆိုပါတယ်။
အောင်မြေ ၁ ကျေးရွာနေ လူငယ်တစ်ဦးရဲ့ ပြောပြချက်အရလည်း အထက်ပါဂိတ်မှာ လီဆူပြည်သူ့စစ်တွေသာမက လော်ဝေါ်၊ လချိတ် ပြည်သူ့စစ် စစ်သားတွေပါ ပူးပေါင်းတပ်ထိုင် ဖမ်းဆီးနေတာ ဖြစ်တယ်လို့ သိရပါတယ်။
အထက်ပါကိစ္စနဲ့ ပတ်သက်ပြီး လီဆူပြည်သူ့စစ်ခေါင်းဆောင် ဦးရွှေမင်းကို မြစ်ကြီးနားသတင်းဂျာနယ်အနေနဲ့ ဆက်သွယ်မေးမြန်းနေပေမဲ့ လက်ရှိအချိန်အထိ ဖုန်းလက်ခံဖြေကြားခြင်း မရှိသေးပါဘူး။
လီဆူပြည်သူ့စစ်ခေါင်းဆောင် ဦးရွှေမင်း(ခ) ဆီဖာလာလူးဟာ လီဆူအမျိုးသားအားလုံးရဲ့ စည်းဝေးဆုံးဖြတ်ချက်အရ သူ့အနေနဲ့ လီဆူလူမျိုးကိုယ်စားပြုပြီး ၂၀၂၃ ခုနှစ် အောက်တိုဘာလ ၃၀ ရက်နေ့မှာ လီဆူလူမျိုးတိုင်း တစ်အိမ်တစ်ယောက် စစ်သားမလုပ်မနေရဆိုပြီး ထုတ်ပြန်ချက်ကို ထုတ်ခဲ့တာ ဖြစ်ပါတယ်။
စစ်မှုမထမ်းမနေရ ထုတ်ပြန်ပြီးတဲ့နောက် ၂၀၂၃ ခုနှစ်၊ နိုဝင်ဘာလ ၂၃ ရက်နေ့အထိ စုဆောင်းထားတဲ့ လီဆူလူမျိုး အယောက် ၃၀၀ ကို သင်တန်းပေးနေပြီဖြစ်တယ်လို့လည်း ဦးရွှေမင်းက မြစ်ကြီးနားသတင်းဂျာနယ်ကို ဖြေကြားခဲ့ဖူးပါတယ်။
လက်ရှိမှာတော့ ကချင်မျိုးနွယ်စု ၆ စုဖြစ်တဲ့ ဂျိန်းဖော့၊ လော်ဝေါ်၊ လီဆူ၊ ရဝမ်၊ လချိတ်၊ ဇိုင်ဝါး မျိုးနွယ်ထဲက လီဆူလူမျိုးသာမက လော်ဝေါ်၊ လချိတ်၊ ဇိုင်ဝါး မျိုးနွယ်စုတွေကိုပါ ဖမ်းဆီးတာတွေ လုပ်ဆောင်နေတာ ဖြစ်တယ်လို့ သိရပါတယ်။
အောင်မြေ ၁ ကျေးရွာဟာ ဝိုင်းမော် -လိုင်ဇာလမ်းပေါ်မှာ တည်ရှိတာဖြစ်ပြီး အဲဒီလမ်းတစ်လျောက်က ကျေးရွာတွေကတော့ ဝိုင်းမော်-ခါးရှိ-အင်းလေး-အောင်မြေ ၁- အောင်မြေ-၂ ရွှေညောင်ပင်- ဂါးရာယန်-ကဇူးယန်-ဒဘတ်ယန်- ဂျာပူ- ကန်တော်ယန်- နန်ဆန်ယန် ကျေးရွာတွေ ဖြစ်ပါတယ်။
ပုံဟောင်းဖြစ်ပါသည်။







