ဒေါ့ဖုန်းယန်မြို့အနီးတစ်ဝိုက် စစ်ရေးတင်းမာလာနိုင်တယ်ဆိုတဲ့ သတင်းတွေကြောင့် ဒေသခံအချို့ ပြောင်းရွှေ့ဖို့အတွက် လုပ်ဆောင်နေ

251

 

ဖေဖော်ဝါရီ၊၁၉

ကချင်ပြည်နယ်၊ ဗန်းမော်ခရိုင်၊ ဒေါ့ဖုန်းယန်မြို့အနီးတစ်ဝိုက်မှာ နှစ်ဖက်တပ် စစ်ရေးတင်းမာလာနိုင်တယ်ဆိုတဲ့ သတင်းတွေ ထွက်ပေါ်နေတာကြောင့် ဒေသခံပြည်သူအချို့နီးစပ်ရာ ကို ပစ္စည်းရွှေ့တာတွေ လုပ်ဆောင်နေတယ်လို့ သိရပါတယ်။

ကျောင်းသူ/သားတွေ အတန်းတင်စာမေးပွဲ ပြီးဆုံးတဲ့နောက်ပိုင်း နှစ်ဖက်တပ်စစ်ရေးအခြေအနေ တင်းမာလာနိုင်ဆိုတဲ့ သတင်းတွေ ပြန့်နှံ့နေတာကြောင့် ဒေသခံအချို့ကတော့ ဇန်နဝါလကုန်ပိုင်းလောက်ကနေ ပြောင်းရွေ့ဖို့အတွက် ကြိုတင်ပြင်ဆင်မှုတွေ ပြုလုပ်နေကြတယ်လို့ ဆိုပါတယ်၊

ဒေသခံပြည်သူအချို့ဟာ နီးစပ်ရာဆွေမျိုးတွေရှိတဲ့ မိုးမောက်မြို့ဘက်သာမက ၆ မိုင်လောက်ဝေးတဲ့ ရှမ်းရွာ အစရှိတဲ့ နေရာတွေဘက်ကို သက်ကြီးရွယ်အိုတွေနဲ့ လိုအပ်မယ့် အိမ်တွင်းပစ္စည်းတွေကို စတင်ပြောင်းရွှေ့တာတွေ ပြုလုပ်နေတာ နှစ်ပတ်လောက်ရှိလာပြီလို့ ဒေါ့ဖုန်းယန်ဒေသခံပြည်သူတစ်ဦးက မြစ်ကြီးနားသတင်းဂျာနယ်ကို အခုလို ပြောပါတယ်။

” အခြေအနေဆိုးလာမယ်ဆိုတဲ့ ပြောသံတွေကြားတော့ အခုက နီးစပ်ရာ ဆွေမျိုးတွေ ဆီရှောင်နေတယ်။ ပစ္စည်းတွေတော့ ရွှေ့ထားပြီ“လို့ ဒေသခံက ပြောပါတယ်။

ဒါ့အပြင် မြို့အနီးမှာ စစ်ကောင်စီတပ်စခန်းရှိတဲ့အတွက်ကြောင့် အခုလို ပြောဆိုနေတာ အမှန်တကယ် ဖြစ်လာမယ်ဆိုရင် ဒေသခံပြည်သူတွေ ဒုက္ခရောက်ကြရမှာဖြစ်တဲ့ အတွက် ကြိုတင်ပြင်ဆင်စရာရှိတာတွေကို ပြုလုပ်ထားတာ ဖြစ်တယ်လို့ ဒေသခံက ဆိုပါတယ်။

နှစ်ဖက် လက်နက်ကိုင်တပ်ဖွဲ့ဘက်က စစ်ရေးနဲ့ ပတ်သက်ပြီး တစ်စုံတစ်ရာ သတိပေးတာမျိုးမရှိဘဲ အခုလို အိမ်ခြေအချို့ နီးစပ်ရာဆွေမျိုးတွေဆီ ထွက်ပြေးတိမ်းရှောင်နေတာဟာ ရွာအတွင်း အချင်းချင်းပြောဆိုကြရာကနေ ပြန့်နှံ့သွားတဲ့အတွက် ဖြစ်နိုင်တယ်လို့ နောက်ထပ် ဒေါ့ဖုန်းယန် ဒေသခံကလည်း အခုလို ပြောပါတယ်။

“စစ်ဖြစ်လာ‌မယ်လို့လည်း နှစ်ဖက်တပ်က မပြောဘူး။ ရွာအတွင်း အချင်းချင်းပြောကြ ဆိုကြတာကနေ မလုံခြုံတော့သလို ဖြစ်တဲ့ သူတွေက နီးစပ်ရာကို သွားနေကြတာတော့ ရှိတယ်”လို့ ဒေသခံက ပြောပါတယ်။

လက်ရှိ မြို့အနီးတစ်ဝိုက် နှစ်ဖက်တပ် စစ်ရေးအခြေငြိမ်သက်နေပေမဲ့ စစ်ကောင်စီတပ်ဘက်က မနက်နဲ့ ညနေပိုင်းတွေမှာ မြို့အပြင်ဘက် အနီးတစ်ဝိုက် စစ်သား အင်အား ၅၀ လောက် ကင်းလှည့်ပတ်တာတွေ ပြုလုပ်နေတာ သုံးရက်လောက် ရှိလာပြီလို့လည်း ဒေသခံရဲ့ ပြောပြချက်အရ သိရပါတယ်။

၂၀၂၃ ခုနှစ်အတွင်း ဒေါ့ဖုန်းယန်မြို့လမ်းဘက်တွေမှာ စစ်ကောင်စီတပ်ကနေ စစ်ကြောင်းထိုး စစ်ရေးလှုပ်ရှားမှုတွေ ရှိခဲ့တဲ့အပြင် ဒါ့အပြင် ၂၀၂၃ ခုနှစ် ဇူလိုင်လ ပထမပတ်ကနေစပြီး မြို့အနီးတစ်ဝိုက် နှစ်ဖက်တပ် လက်နက်ကြီး၊ လက်နက်ငယ်ပစ်ခတ်သံတွေ သိသိသာသာကြားလာရပြီးတဲ့နောက် လက်ရှိအချိန်ထိ နှစ်ဖက်တပ် စစ်ရေးတင်းမာနေတဲ့ အနေအထားလည်း ဖြစ်ပါတယ်။

 

LEAVE A REPLY

Please enter your comment!
Please enter your name here