နိုဝင်ဘာ၊ ၂၈
ရှမ်းပြည်နယ်မြောက်ပိုင်း၊ နမ့်ခမ်းမြို့ထဲမှာရှိတဲ့ ကျားဖြန့်လို့ခေါ်တဲ့ အွန်လိုင်းငွေလိမ်ဂိုဏ်းတစ်ခုကို ဝင်ရောက်စီးနင်းချိန် တရုတ်နိုင်သား ၉၀ နီးပါးကို ဖမ်းဆီးရမိခဲ့တယ်လို့ ရှမ်းပြည်တိုးတက်ရေးပါတီ SSPP က သိရပါတယ်။
နမ့်ခမ်းမြို့နယ်၊ SSPP ထိန်းချုပ်နယ်မြေထဲမှာရှိတဲ့ အွန်လိုင်းငွေလိမ်ဂိုဏ်ကို ပြီးခဲ့တဲ့ နိုဝင်ဘာ ၂၃ ရက်နေ့က ဝင်ရောက်ဖမ်းဆီးခဲ့တာဖြစ်ပြီး တရုတ်နိုင်ငံသား ၈၈ ယောက်နဲ့ မြန်မာနိုင်ငံသား ၂၈ ယောက်ကို ဖမ်းမိခဲ့တာလို့ SSPP က မနေ့ကညနေပိုင်းမှာ ထုတ်ပြန်ခဲ့တာပါ။
ဖမ်းမိတဲ့ တရုတ်နိုင်ငံသား ၈၈ ယောက်ကိုတော့ အဲဒီနေ့မှာပဲ သူတို့အစိုးရဆီကိုလွှဲပြောင်းခဲ့ပြီး ကျန်တဲ့သူတွေကို SSPP က အမှုစစ်ဆေးပြီး လိုအပ်သလိုဆက်ဆောင်ရွက်သွားမယ်လို့ ဆိုပါတယ်။
သူတို့ကို ဖမ်းမိတဲ့အချိန် Desktop Coumpter ၁၄၅ လုံး၊ ဖုန်း ၂၀၄ လုံး၊ တရုတ်ငွေ ယွမ် ၁၉,၁၅၀၊ မီးခံသေတ္တာ တစ်လုံးနဲ့ Land Cruiser ကားတစ်စီးတို့ကို သိမ်းမိခဲ့တယ်လို့ သိရပါတယ်။
SSPP အနေနဲ့ သူတို့အုပ်ချုပ်တဲ့နယ်မြေထဲ တရားမဝင်အွန်လိုင်းငွေလိမ်လုပ်ငန်းတွေ လုံးဝမရှိစေဖို့ အမိန့်ထုတ်ထားပြီးသားဖြစ်တယ်လို့လည်း ဆိုပါတယ်။
အဲဒီကိစ္စတွေနဲ့ပတ်သက်လို့ SSPP ရဲ့ ပြန်ကြားရေးတာဝန်ခံ ၃ ယောက်ကို မြစ်ကြီးနားသတင်းဂျာနယ်က ဖုန်းနဲ့ဆက်သွယ်ခဲ့ပေမဲ့ ဖုန်းပိတ်ထားတာကြောင့် ဆက်သွယ်လို့ မရသေးပါဘူး။
အောက်တိုဘာလ ၂၇ ရက်နေ့ကစပြီး ညီနောင်မဟာမိတ် ၃ ဖွဲ့က ရှမ်းမြောက်မှာရှိတဲ့ အွန်လိုင်းငွေလိမ်လုပ်ငန်းတွေကို အမြတ်ပြတ်ချေမှုန်းရေးအပါအဝင် စစ်အာဏာရှင်စနစ်အဆုံးသတ်ရေးအတွက်ဆိုပြီး ၁၀၂၇ စစ်ဆင်ရေးကို စတင်ခဲ့ပါတယ်။
အဲဒီနောက် စစ်ကောင်စီဟာ မြို့တချို့နဲ့ စခန်းတွေတစ်ခုပြီးတစ်ခုဆုံးရှုံးလာချိန် ကိုးကန့်ဒေသမှာရှိတဲ့ အွန်လိုင်းငွေလိမ်တဲ့သူတွေကိုဖမ်းဆီးပြီး တရုတ်အစိုးရဆီ လွှဲပြောင်းခဲ့ပါတယ်။







