ပန်လုံဗျူဟာကုန်းကို ပေးဆပ်မှုများစွာဖြင့် သိမ်းပိုက်နိုင်ခဲ့ဟု ညီနောင် ၃ ဖွဲ့ဆို

330

နိုဝင်ဘာ၊ ၆

ဗျူဟာမြောက်ထိုးစစ်နဲ့အတူ ပေးဆပ်မှုများစွာနဲ့ “ပန်လုံဗျူဟာကုန်း” ကို အပြီးသတ်သိမ်းပိုက်ရယူနိုင်ခဲ့တယ်လို့ ညီနောင်မဟာမိတ် ၃ ဖွဲ့က ဒီနေ့ ညနေပိုင်းမှာ ထုတ်ပြန်ထားပါတယ်။

အဲဒီစခန်းမှာတော့ စစ်ကောင်စီရဲ့ တပ်မ ၉၉ လက်အောက်ခံတပ်ဖွဲ့ဝင်တွေ စခန်းချထားပြီး ကိုးကန့်တပ်မတော် (MNDAA) နဲ့ ရက္ခိုင့်တပ်တော် (AA) တို့က နိုဝင်ဘာလ ၄ ရက်နေ့မှာ စတိုက်ခိုက်ခဲ့တာလို့ ဆိုပါတယ်။

အဲဒီဗျူဟာကုန်းရဲ့ အောက်ဘက်မှာရှိတဲ့ ကာကင်းဗျူဟာစခန်း ၂ ခုကို နိုဝင်ဘာ ၅ ရက်နေ့မှာ အပြီးသတ်ချေမှုန်းနိုင်ခဲ့သလို ဗျူဟာကုန်းကိုလည်း အဲဒီနေ့ညနေ ၅ နာရီမှာ သိမ်းပိုက်နိုင်ခဲ့တယ်လို့ သိရပါတယ်။

အဲဒီစခန်းသိမ်းပွဲတွေမှာ AA က အဓိကဦးဆောင်ထိုးစစ်ဆင်ခဲ့တာဖြစ်ပြီး စစ်ရေးအရ ခက်ခက်ခဲခဲတိုက်ပွဲဝင်ခဲ့ရတဲ့ စခန်းသိမ်းဖြစ်စဉ်လို့ ဆိုပါတယ်။

“အသက်ပေးဆပ်စွန့်လွှတ်ခဲ့ရသော ရဲဘော်များအား လေးနက်စွာ မှတ်တမ်းတင် ဂုဏ်ပြုအပ် သကဲ့သို့ ၁၀၂၇ စစ်ဆင်ရေးကာလတစ်လျှောက် အသက်၊ ခန္ဓာပေးဆပ်စွန့်လွှတ်ခဲ့ကြရသော အဖွဲ့အစည်းအသီးသီးမှ ရဲဘော် တစ်ယောက်ချင်းစီကိုလည်း မှတ်တမ်းတင်ဂုဏ်ပြုအပ်ပါသည်” လို့လည်း ညီနောင်မဟာမိတ် ၃ ဖွဲ့က ထုတ်ပြန်ထားပါတယ်။

အဲဒီစခန်းသိမ်းတိုက်ပွဲနဲ့ အချက်အလက်တချို့ကိုတော့ MNDAA ရဲ့ ပြောရေးဆိုခွင့်ရှိသူ လီကျားဝင်းကို မြစ်ကြီးနားသတင်းဂျာနယ်က ဆက်သွယ်မေးမြန်းနေပါတယ်။

ပန်လုံဗျူဟာကုန်းဟာ မူဆယ်နဲ့ လောက်ကိုင်မြို့ကြား မုံးကိုးမြို့နားမှာရှိတဲ့ စခန်းတစ်ခုဖြစ်ပြီး တရုတ်-မြန်မာနယ်စပ်နဲ့လည်း နီးကပ်တဲ့စခန်းတစ်ခုလို့ သိရပါတယ်။

အခုအချိန်မှာတော့ စစ်ကောင်စီဟာ ရှုံးမဲမဲပြီး လုပ်ချင်ရာလုပ်နိုင်တဲ့အတွက် ပြည်သူတွေအနေနဲ့ သတိထားကြဖို့လည်း ညီနောင် ၃ ဖွဲ့ရဲ့ ဒီနေ့ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

အောက်တိုဘာလ ၂၇ ရက်နေ့မှာ ညီနောင် ၃ ဖွဲ့က စတင်လိုက်တဲ့ ၁၀၂၇ စစ်ဆင်ရေးကတော့ အခုအချိန်ထိ စစ်ကောင်စီရဲ့ စခန်း ၁၂၀ ကျော်ကို သိမ်းပိုက်ထားပြီး စစ်ကောင်စီဘက်က အလင်းဝင်တဲ့သူတွေဟာလည်း ၁၀၀ ကျော်နေပြီလို့ သိရပါတယ်။

LEAVE A REPLY

Please enter your comment!
Please enter your name here