
ဇန်နဝါရီ၊ ၈
ရှမ်းပြည်နယ်မြောက်ပိုင်းမှာရှိတဲ့ စစ်ကောင်စီရဲ့ သိန္နီမြို့အခြေစိုက် စကခ ၁၆ နောက်တန်းဌာနချုပ်နဲ့ ကွတ်ခိုင်မြို့က ဗျူဟာကုန်းကို မနေ့က ဇန်နဝါရီလ ၇ ရက်နေ့မှာ သိမ်းပိုက်နိုင်ခဲ့တယ်လို့ ညီနောင်မဟာမိတ် ၃ ဖွဲ့က ဒီနေ့မနက်အစောပိုင်းမှာ ထုတ်ပြန်လိုက်ပါတယ်။
သိန္နီမြို့အခြေစိုက် စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ် (စကခ) ၁၆ နောက်တန်းဌာနချုပ်ကို မနက် ၁၀ နာရီမှာ သိမ်းပိုက်နိုင်ခဲ့ပြီး အဲဒီ စကခ ဟာ တပ်မ(ခြေမြန်တပ်မဌာနချုပ်) ပုံစံဖွဲ့စည်းထားတဲ့ တိုက်ခိုက်ရေးအဖွဲ့ ဖြစ်ပါတယ်။
စစ်တပ်မှာ စကခ ၂၀ ရှိပြီး တစ်ခုကို နည်းဗျူဟာ ၃ ဖွဲ့၊ ခြေလျင်/ခြေမြန်တပ်ရင်း ၁၀ ရင်းစီနဲ့ ဖွဲ့စည်းလေ့ရှိပါတယ်။
ကွတ်ခိုင်မြို့က စစ်တပ်ရဲ့ဗျူဟာကုန်းကိုတော့ မနေ့က ည ၁၁ နာရီမှာသိမ်းနိုင်ခဲ့တာဖြစ်ပြီး စခန်းနှစ်ခုလုံးနဲ့ပတ်သက်တဲ့ အသေးစိတ်တွေကိုတော့ ဆက်ထုတ်ပြန်ပေးသွားမယ်လို့ ညီနောင် ၃ ဖွဲ့က အသိပေးထားပါတယ်။
ကွတ်ခိုင်ဗျူဟာကုန်းကိုရတဲ့အတွက် အဲဒီမြို့ကိုထိန်းချုပ်နိုင်သွားပြီဆိုတဲ့သတင်းတွေ ထွက်ပေါ်နေပေမဲ့လည်း ညီနောင် ၃ ဖွဲ့ကတော့ အဲဒီကိစ္စကို အတည်ပြု မထုတ်ပြန်သေးပါဘူး။
သိန္နီမြို့နဲ့ ကွတ်ခိုင်မြို့ဟာ တရုတ်-မြန်မာကုန်သွယ်ရေးလမ်းကြောင်းဖြစ်တဲ့ မူဆယ်-မန္တလေး ပြည်ထောင်စုလမ်းမကြီးပေါ်က မြို့တွေဖြစ်ပြီး သိန္နီလွင်ပြင်ဟာ ရှမ်းပြည်မြောက်ပိုင်းက စပါးအစိုက်များဆုံးဒေသတွေထဲက တစ်ခုလည်း ဖြစ်ပါတယ်။
အခုအချိန်မှာတော့ ညီနောင် ၃ ဖွဲ့ဟာ မူဆယ်-မန္တလေး လမ်းမကြီးရဲ့ အရှေ့ဘက်မှာရှိတဲ့ ကိုးကန့်ဒေသက ကွမ်လုံ၊ ချင်းရွှေဟော်၊ ကုန်းကြမ်း၊ လောက်ကိုင်၊ မုံးကိုး၊ ကြူကုတ်(ပန်ဆိုင်း) နဲ့ လမ်းမကြီးရဲ့ အနောက်ဘက်မှာတော့ နမ့်ခမ်း၊ နမ္မတူ၊ မိုင်းလုံ၊ မိုင်းငေါ၊ နမ့်ဆန်၊ မန်တုံမြို့တို့ကို သိမ်းပိုက်ထားပါတယ်။
ဒါ့အပြင် မြန်မာနိုင်ငံအနောက်ပိုင်းကအိန္ဒိယ-မြန်မာ ကုန်သွယ်ရေးလမ်းကြောင်းအဖြစ် ဖော်ဆောင်နေတဲ့ ကုလားတန်မြစ်ကြောင်းမှာရှိတဲ့ ချင်းပြည်နယ်၊ ပလက်ဝနဲ့ ရခိုင်ပြည်နယ်၊ ကျောက်တော်မြို့မှာရှိတဲ့ စစ်ကောင်စီစခန်းနဲ့ ဗျူဟာကုန်းတွေကို လည်း ညီနောင် ၃ ဖွဲ့ထဲမှာပါတဲ့ ရက္ခိုင့်တပ်တော် (AA) က တခြားတော်လှန်ရေးအဖွဲ့ဝင်တွေနဲ့ပူးပေါင်းပြီး သိမ်းပိုက်နေပါတယ်။






