ဖေဖော်ဝါရီ၊ ၁၀
လူထုမျှော်လင့်နေတဲ့ စစ်အာဏာရှင်စနစ်အမြစ်ဖြတ်ရေးဟာ ၂၀၂၅ နှစ်ဆန်းပိုင်းမှာ အပြီးသတ်နိုင်လိမ့်မယ်လို့ ညီနောင်မဟာမိတ် ၃ ဖွဲ့က မနေ့ကညပိုင်းမှာ ထုတ်ပြန်လိုက်ပါတယ်။
၁၀၂၇ စစ်ဆင်ရေး ၁၀၆ ရက်မြောက်အတွက် တိုက်ပွဲသတင်းထုတ်ပြန်ချက်မှာ ညီနောင် ၃ ဖွဲ့က အခုလို ဖော်ပြထားတာပါ။
“မြန်မာပြည်သူလူထုတစ်ရပ်လုံး၏ဆန္ဒဖြစ်သော စစ်အာဏာရှင်စနစ်အမြစ်ဖြတ်ရေးသည် ဤနဂါးနှစ်အတွင်း ကိစ္စပြီးမြောက်နိုင်လိမ့်မည်ဟူ၍လည်း ယုံကြည်ပါသည်” လို့ ညီနောင် ၃ ဖွဲ့က ပြောဆိုထားတာပါ။
မနေ့ကဖေဖော်ဝါရီလ ၉ ရက်နေ့ဟာ တရုတ်ရိုးရာနှစ်သစ်ကူးနေ့ဖြစ်ပြီး အခုနဂါးနှစ်ဟာ ၂၀၂၅ နှစ်ဆန်းပိုင်းမှာ ကုန်ဆုံးမှာဖြစ်ပါတယ်။
တရုတ်လူမျိုးတွေဟာ သူတို့ရဲ့ရိုးရာအရ ခုနှစ်တွေကို သတ္တဝါတွေရဲ့ အမည်နဲ့သတ်မှတ်တာဖြစ်ပြီး ၂၀၂၅ နှစ်ဆန်းပိုင်းမှာ ကျရောက်မယ့်နှစ်ကတော့ မြွေနှစ်ဖြစ်ပါတယ်။
အခုအချိန်မှာတော့ စစ်ကောင်စီဟာ ရှမ်းပြည်နယ်မြောက်ပိုင်း၊ ကချင်ပြည်နယ်၊ စစ်ကိုင်းတိုင်း၊ ချင်းပြည်နယ်၊ ကရင်နီပြည်နယ်နဲ့ ရခိုင်ပြည်နယ်တို့မှာ မြို့ပေါင်း ၃၀ ကျော်ကို ဆုံးရှုံးထားပါတယ်။
ဒါ့အပြင် မြန်မာပြည်နယ်စပ်အနှံ့စခန်းတွေကနေ စခန်းစွန့်ပြီး စစ်ကောင်စီတပ်သားတွေ မထွက်ပြေးသေးတဲ့ နိုင်ငံဟာဆိုရင်လည်း အိမ်နီးချင်းနိုင်ငံတွေထဲမှာ လာအိုတစ်နိုင်ငံထဲ ကျန်တော့တာဖြစ်ပါတယ်။
ဓါတ်ပုံ- 3BHA







