လိုင်ဇာမြို့ဘက််််ကို ပစ်ခတ်လိုက်သည့် စစ်ကောင်စီ၏ လက်နက်ကြီးကျည် တရုတ်ပြည်ဘက်အခြမ်း ကျရောက်

217

 

နိုဝင်ဘာ၊၄

ကချင်လွတ်လပ်ရေးအဖွဲ့အစည်း(KIO/KIA)ဌာနချုပ် လိုင်ဇာမြို့ဘက်ကို ဒီကနေ့မနက် ၁၀ နာရီ ကျော်လောက်ကနေ စစ်ကောင်စီတပ်က လက်နက်ကြီးပစ်ပစ်ခတ်နေပြီး တရုတ်ပြည်ဘက်အခြမ်း တစ်နေရာမှာ လက်နက်ကြီး ကျရောက်ပေါက်ကွဲမှု ရှိခဲ့တယ်လို့ သိရပါတယ်။

ဒေါ့ဖုန်းယန်မြို့ဘက်ကနေ Howitzer(ဟောင်ဝဇ်ဇာ)လိုမျိုး အတွဲလိုက် ပစ်နိုင်တဲ့ လက်နက်အမျိုးအစားနဲ့ ပစ်နေတာလို့ ခန့်မှန်းရတဲ့အပြင် ခရာဘွမ်က စစ်ကောင်စီစခန်းကနေလည်း လက်နက်ကြီး ပစ်နေတယ်လို့ လိုင်ဇာဒေသခံပြည်သူတစ်ဦးက မြစ်ကြီးနားသတင်းဂျာနယ်ကို အခုလိုပြောပါတယ်။

ငြိမ်လိုက်၊ ပစ်လိုက် လုပ်နေတာ။ အတွဲလိုက်ကို ပစ်ချတာလို့ ဒေသခံက ဆိုပါတယ်။

လက်နက်ကြီးတစ်လုံးဟာ တရုတ်ပြည်ဘက်အခြမ်း ကျရောက်ပေါက်ကွဲမှုရှိခဲ့တယ်ဆိုတာ မှန်ကန်တယ်လို့လည်း အထက်ပါဒေသခံ ဆိုပါတယ်။

ဒါ့အပြင် လက်နက်ကြီး ကျရောက်ပေါက်ကွဲမှု ကြောင့် တရုတ်ပြည်သူတစ်ဦး သေဆုံးပြီး ဒဏ်ရာရရှိသူလည်းရှိတယ်လို့ ကြားသိနေရပေမဲ့ သီးခြားအတည်ပြုနိုင်တာတော့ မရှိသေးပါဘူး။

လက်ရှိအချိန် လိုင်ဇာမြို့အနီးတစ်ဝိုက် လက်နက်ကြီး ပစ်ခတ်တာ အချက်ရေ ၁၀ ကြိမ်ထက်မနည်း ရှိနေပြီလို့ သိရပါတယ်။

‌အောက်တိုဘာလ ၃၁ ရက်နေ့က KIA ကနေ မြစ်ကြီးနား-လိုင်ဇာလမ်းပေါ်က ကန်တော်ယန် စစ်ကောင်စီတပ်စခန်းတစ်ခုကို တိုက်ခိုက်သိမ်းပိုက်အပြီး စစ်ကောင်စီဘက်ကနေ လေယာဉ်အသုံးပြုပြီးတော့ လိုင်ဇာမြို့ အနီးတစ်ဝိုက် ၅ ကြိမ်ထက်မနည်း လာရောက်ပစ်ခတ်မှု ရှိခဲ့ပါတယ်။

မြစ်ကြီးနား-ဗန်းမော် ကားလမ်းမကြီးကို လုံခြုံရေးဆောင်ရွက်ပေးနေတဲ့ ကန်တော်ယန် လုံခြုံရေးစခန်းကို အောက်တိုဘာလ ၃၁ ရက်နေ့ မနက်ပိုင်းက KIA နဲ့ ပူးပေါင်းအင်အားစုအဖွဲ့ကနေ ဝင်ရောက်တိုက်ခိုက်ခဲ့နောက် ဆက်သွယ်ရေးလမ်းကြောင်းကို တားဆီးထိန်းချုပ်ဖို့ ဆောင်ရွက်လာတာကြောင့် လိုအပ်တဲ့ တုန့်ပြန်မှု ဆောင်ရွက်မယ်လို့ စစ်ကောင်စီဘက်ကလည်း ထုတ်ပြန်ပြောဆိုခဲ့တာပါ။

အဲဒီလိုပြောဆိုမှုအပြီး စစ်ကောင်စီက လိုင်ဇာအနီးတစ်ဝိုက်ကို လေကြောင်းတွေနဲ့လည်း တိုက်ခိုက်နေသလို လက်နက်ကြီးတွေ အတွဲလိုက်ပစ်ဒုံးလိုမျိုး လက်နက်တွေနဲ့ တုံ့ပြန်တိုက်ခိုက်နေတာလည်း ဖြစ်ပါတယ်။

 

LEAVE A REPLY

Please enter your comment!
Please enter your name here