နိုဝင်ဘာ ၂၇
ဝိုင်းမော်- လိုင်ဇာလမ်းပေါ်မှာရှိတဲ့ ကဇူးယန်ကျေးရွာက ဒေသခံတွေကို အသစ်ပြောင်းရွှေ့လာတဲ့ စစ်ကောင်စီတပ်စခန်းမှူးက ရွာထဲကို ပြန်လာနေထိုင်ဖို့ ခေါ်နေတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။
စစ်တပ်စခန်းကနေ ရွာလူကြီးတွေနဲ့ အသင်းတော်ကဆရာတွေကိုခေါ်ပြီး ရွာသားတွေကို ပြန်လာနေထိုင်ကြဖို့ ခေါ်ခိုင်းခဲ့တယ်လို့ ကဇူးယန်ကျေးရွာဒေသခံတစ်ဦးက ပြောပါတယ်။
“အခုပြန်ပြောင်းလာနေတဲ့သူ(စခန်းကတာဝန်ရှိသူ)က ကြောက်စရာမလိုဘူး၊ ရွာသားတွေရှိတဲ့ဘက်ကိုတော့ မပစ်ဘူးလို့ပြောတယ်တဲ့။ ရန်သူလာရင်တောင် ရွာသားတွေရှိဘက်ကို မပစ်မိအောင် လုပ်ပါမယ်လို့ ပြောတယ်တဲ့။”လို့ ဒေသခံက ဆိုပါတယ်။
ရွာထဲမှာ လက်နက်ကြီးနဲ့ သေနတ်သံတွေ ကြားနေရပေမဲ့ သည်းခံနေထိုင်ခဲ့ပြီးတော့ လွန်ခဲ့တဲ့ နိုဝင်ဘာလ ဒုတိယပတ်လောက်မှာ လေယာဉ်တွေနဲ့ ရွာထဲအထိ ပစ်ခတ်တာတွေ ဖြစ်လာတဲ့အတွက် ကြောက်လန့်ပြီး ရွာသားတချို့ ပြောင်းရွေ့သွားကြတာဖြစ်ပါတယ်။
“လက်နက်ကြီးသံတွေ၊ ငယ်သံတွေ အရမ်းပစ်ကြတော့ နားရည်ဝသွားကြပြီ။ လေယာဉ်က မိုးပေါ်ကနေကို ကြဲချတာဖြစ်တဲ့အတွက် အရမ်းကြောက်တယ်။”လို့ ဒေသခံတစ်ဦးနောက်တစ်ဦးကလည်း ပြောပါတယ်။
အခုဖြစ်ပွားနေတဲ့ တိုက်ပွဲတွေဟာ လွန်ခဲ့တဲ့ ၂၀၁၁ ခုနှစ်တုန်းက ဖြစ်ပွားခဲ့တဲ့ တိုက်ပွဲတွေထက် ပိုမိုပြင်းထန်ပေမဲ့ ရွာကိုနောက်ထပ်တစ်ကြိမ် လက်လွှတ်မခံနိုင်တာကြောင့် တိုက်ပွဲတွေကြား နေထိုင်ကြတာဖြစ်တယ်လို့ နောက်ထပ်ဒေသခံတစ်ဦးက ပြောပါတယ်။
“ရွာမြေကိုလည်း ဟိုတစ်လောက တိမ်းရှောင်ကြချိန် စစ်ခန်းတစ်ဝိုက်က တပ်ဧရိယာဖြစ်မယ်လို့ ပြောတယ်။ ပြီးတော့ ဘုရားကျောင်းရှေ့ ကအိမ်ကိုလည်း စစ်တပ်စခန်းလုပ်လိုက်မယ် ပြောတယ်တဲ့။ အဲဒီလိုပြောတော့ နောက်တစ်နေ့(နိုဝင်ဘာ ၂၃) မှာ ချက်ချင်း စစ်ကြောင်းတစ်ခုလုံး တပ်အချိန်းအပြောင်းလုပ်လိုက်ကြလို့ အခုလိုပြန်ငြိမ်းချမ်းသွားတာဟုတ်တယ်။“လို့ ဒေသခံက ဆိုပါတယ်။
စစ်ဘေးတိမ်းရှောင်ရတဲ့အချိန် လူအများနဲ့ အခန်းကျဉ်းထဲမှာ ပေါင်းပြီးနေကြရတာဖြစ်တဲ့အတွက် နေရာထိုင်ခင်း၊ ရေချိုးခန်း၊ အိမ်သာက အစအဆင်မပြေမှုတွေကို ကြုံရတယ်လို့လည်း ဒေသခံတွေက ဆိုပါတယ်။
ကဇူးယန်ကျေးရွာက စစ်ကောင်စီတပ်စခန်းမှာ စခန်းချနေထိုင်နေကြတဲ့ စစ်ကြောင်းတွေကို နိုဝင်ဘာလ ၂၃ ရက် နေ့ညက ထပ်မံရောက်ရှိလာတဲ့ စစ်ကြောင်းအသစ်နဲ့ အစားထိုးလိုက်တာ ဖြစ်ပါတယ်။
ဇူလိုင်လ ၃ ရက်နေ့ကတည်းက ဝိုင်းမော် – လိုင်ဇာလမ်းတစ်လျှောက်မှာ KIA နဲ့ စစ်ကောင်စီတို့ လက်ရှိအချိန်ထိ တိုက်ပွဲတွေ ဆက်တိုက်ဖြစ်ပွားနေပါတယ်။
ကဇူးယန်ဒေသခံတွေဟာ ကချင်လွတ်လပ်ရေးတပ်မတော်(KIA)နဲ့ စစ်ကောင်စီတို့ ၂၀၁၁ ခုနှစ်က တစ်ကျော့ပြန်စစ်ပွဲတွေ ဖြစ်ပွားတဲ့အချိန် ၁၀ နှစ်ကျော်ကြာ နေရပ်စွန့်ခွာ ထွက်ပြေးတိမ်းရှောင်ခဲ့ရတာဖြစ်ပြီး ၂၀၂၃ ခုနှစ် မတ်လပိုင်းကမှ နေရပ်ကို ပြန်လည်နေထိုင်နေကြတာ ဖြစ်ပါတယ်။
ပုံဟောင်းအသုံးပြုထားပါသည်။







