စစ်ကောင်စီက အဂတိမှုဖြင့် နှစ်ရှည်ထောင်ဒဏ် ချမှတ်ထားသည့် ကချင်ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာခက်အောင်၏ အမှုများ

1421
ကချင်ပြည်နယ်ဝန်ကြီးချူပ်-ဒေါက်တာခက်အောင်

ဧပြီ ၂၇

အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်၏ ကချင်ပြည်နယ် ဝန်ကြီးချုပ် ဒေါက်တာခက်အောင်ကို စစ်ကောင်စီက အာဏာသိမ်းပြီးနောက် ဖမ်းဆီးထိန်းသိမ်းကာ အဂတိလိုက်စားမှု (၄) မှုဖြင့် ထောင်ဒဏ် (၁၂) နှစ် နှစ်ရှည် ထောင်ဒဏ်ချမှတ်ထားသည်။

ဒေါက်တာခက်အောင်သည် ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလ (၁) ရက်နေ့ အာဏာသိမ်းစဉ်ကတည်းက ဖမ်းဆီးခံရပြီးနောက် မြစ်ကြီးနားထောင်တွင်း နေထိုင်ကာ တရားရင်ဆိုင်ခဲ့ရပြီး ၂၀၂၂ ခုနှစ်၊ ဧပြီလ (၂၂) ရက်နေ့တွင် ပြည်နယ်တရားလွှတ်တော်က အဂတိလိုက်စားမှုဥပဒေ ပုဒ်မ (၅၅) ဖြင့် အမှုပေါင်း (၄) မှုအတွက် တစ်မှုလျှင် ထောင်ဒဏ် (၃) နှစ်စီဖြင့် စုစုပေါင်း ထောင်ဒဏ် (၁၂) နှစ်ချမှတ်ခဲ့သည်။

ပြည်နယ်ဝန်ကြီးအဖြစ် တာဝန်ထမ်းဆောင်စဉ် ကာလအတွင်း ‘နိုင်ငံတော်ရန်ပုံငွေကို အလွဲသုံးစား လုပ်ပြီး အသုံးပြုခြင်း” ဟုဆိုသည့် ခေါင်းစဉ်အောက် အမှုအမှတ်စဉ် (၁) တွင် အဂတိလိုက်စားမှု တိုက်ဖျက်ရေး ကော်မရှင်မှ ၂၀၁၉-၂၀၂၀ ဘဏ္ဍာရေးနှစ်က မြစ်ကြီးနားမြို့ရှိ ရပ်ကွက်အချို့တွင် ကတ္တရာလမ်းခင်းခြင်းနှင့် ကွန်ကရစ် တံတားဆောက်ခြင်းအတွက်၂၄၈ ဒဿမ ၅ သန်း(ကျပ်သိန်းပေါင်း ၂၄၀၀ ကျော်) အား လုပ်ထုံးလုပ်နည်းနှင့်မညီဘဲ လုပ်ကိုင်ခွင့်ပေးခဲ့ခြင်းကြောင့် နိုင်ငံတော်၏ ပစ္စည်းနှင့် ပိုင်ဆိုင်မှုကို ထိခိုက်နစ်နာဆုံးရှုံးသည်ဟုဆိုကာ တရားစွဲပြီး တင်ဒါစည်းမျဉ်းစည်းကမ်းကိုလည်း လိုက်နာမှုမရှိခြင်းကြောင့်ဟု ဆို၍လည်း ဝန်ကြီးချုပ်နှင့် ဘဏ္ဍာအခွန် စီမံကိန်းနှင့် စီးပွားရေး ဝန်ကြီး ဦးဝေလင်းတို့ကို တစ်ဦးလျှင် ထောင်ဒဏ် (၃) နှစ်စီ ချမှတ်လိုက်ခြင်း ဖြစ်သည်။

အမှုအမှတ်စဉ် (၂) တွင် ကချင်ပြည်နယ် အစိုးရအဖွဲ့၏ ဧည့်ဂေဟာရုံး တည်ဆောက်ရာတွင် ၂၀၁၈-၁၉ ဘဏ္ဍာရေးနှစ်တွင် သုံးစွဲခွင့် မရှိသည့် ငွေကျပ် ၁၄၉ ၂ ဿမ ၄၀၀ သန်းကို အသုံးပြုခြင်းသည် နိုင်ငံ၏ ငွေကြေးကို ထိခိုက်နစ်နာ ဆုံးရှုံးစေသည်ဟုဆိုကာ တရားစွဲဆိုခဲ့ပြီး ဝန်ကြီးချုပ်ကို ထောင်ဒဏ် (၃) နှစ် နှင့် ဘဏ္ဍာ၊ အခွန်၊ စီမံကိန်းနှင့် စီးပွားရေး ဝန်ကြီး ဦးဝေလင်းကို ထောင်ဒဏ် (၃) နှစ် ထောင်ဒဏ် ချမှတ်သည်။ အမှုအမှတ်စဉ် (၃) တွင် ၂၀၂၀ ခုနှစ်က ချီဖွေ၊ ကန့်ဖန်းဘက်မှ ဖမ်းဆီးထားသည့် တရားမဝင် သလင်းကျောက်များကို သတ္တုတွင်းမှ သတ်မှတ်ထားသည့် ဈေးနှုန်း တစ်တန်လျှင် ၆၀,၀၀၀ နှုန်းဖြင့် မရောင်းချဘဲ တစ်တန်လျှင် ၃၆,၀၀၀ နှုန်းဖြင့်သာ ရောင်းချသည့် အတွက် ငွေကျပ် သန်း (၂၀၀) ကျော် နိုင်ငံတော်ဘဏ္ဍာ နစ်နာသည်ဟုဆိုကာ ဝန်ကြီးချုပ်နှင့် အတူ ဘဏ္ဍာ၊ အခွန်၊ စီမံကိန်းနှင့် စီးပွားရေး ဝန်ကြီး ဦးဝေလင်း နှင့် သယံဇာတဝန်ကြီး ဦးဒါရှီးလဆိုင်ကိုလည်း တရားစွဲကာ ထောင်ဒဏ် ၃ နှစ်စီ အမိန့် ချမှတ်ခဲ့သည်။

အမှုအမှတ်စဉ် (၄) တွင် ၂၀၁၇-၂၀၁၈ ခုနှစ် ဘဏ္ဍာန်ရေးနှစ် မြစ်ကြီးနားဗန်းမော်လမ်း (၂၃) မိုင် ကတ္တရာလမ်းခင်းချိန်တွင် Power five star ကုမ္ပဏီ ၁၁၀၀၇ ဒဿမ ၀၀၉ သန်းဖြင့် ဆောင်ရွက်စေခြင်းသည် နိုင်ငံတော်၏ ငွေကြေးကို နစ်နာဆုံးရှုံးစေခဲ့သည်ဟုဆိုကာ ဝန်ကြီးချုပ်နှင့်အတူ ဘဏ္ဍာ၊ အခွန်၊ စီမံကိန်းနှင့် စီးပွားရေး ဝန်ကြီး ဦးဝေလင်းနှင့် လမ်းပန်းဆက်သွယ်ရေး လျှပ်စစ်နှင့် စက်မှုလက်မှုဝန်ကြီး ဦးဝင်းညွန့်တို့ကို တရားစွဲဆိုကာ တစ်ဦးလျှင် ထောင်ဒဏ် (၃) နှစ်စီ အသီးသီး အမိန့်ချမှတ်ခဲ့ခြင်း ဖြစ်သည်။ ဖော်ပြပါ အဂတိလိုက်စားမှု ဥပဒေပုဒ်မ ၅၅ အရ အမှု (၄) မှုဖြင့် ကချင်ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာခက်အောင်သည် တရားစွဲဆိုခံရပြီး အမှုတစ်မှုချင်းစီအတွက် ထောင်ဒဏ် (၃) နှစ်စီဖြင့် စုစုပေါင်းထောင်ဒဏ် (၁၂) နှစ်ချမှတ်ခံခဲ့ရသည်။

ဝန်ကြီးချုပ်နှင့် ဝန်ကြီးများအနေဖြင့် အမှန်တကယ် အဂတိလိုက်စားမှုရှိမရှိကို ပြည်သူလူထုအားလုံး သိကြောင်းနှင့် ၎င်းတို့အနေဖြင့် အဂတိလိုက်စားပါက ၂၀၂၀ ခုနှစ်တွင် မဲရနိုင်ခြေ ရှိမည်မဟုတ်ကြောင်း ဝန်ကြီးချုပ်ဇနီးက မြစ်ကြီးနားသတင်းဂျာနယ်သို့ ပြောသည်။

“တရားသူကြီးတွေ ကျွန်မတို့ကို အားလုံးစစ်ပြီး အဂတိလိုက်စားမှုမရှိဘူးဆိုတာကို သက်သေတွေနဲ့ ပြောခဲ့ပြီးပြီ။ တရားသူကြီးတွေ၊ ရှေ့နေတွေ၊ ဆွဲချရှေ့နေတွေကလည်း သူတို့စိတ်ကြိုက် စစ်ပြီးသားပဲ။ ပြည်သူလူထုကို သီးသန့် ပြောစရာမလိုဘူး။ သူတို့အားလုံးသိတယ်။ တကယ်လို့ သူတို့သာ အဂတိ လိုက်စားမယ်ဆိုရင် ၂၀၂၀ မှာ မဲဘယ်သူမှ မထည့်ဘူးလေ။ အဂတိ လိုက်စား/မစားက ပြည်သူတွေအားလုံးသိတယ်။ ပြည်သူတွေရဲ့ အလုပ်ကိုလုပ်တဲ့သူတွေလေ။ အဂတိလိုက်စားရင် ဘယ်သူမှခိုင်းမှာ မဟုတ်တော့ဘူးလေ” ဟု ဝန်ကြီးချုပ် ဒေါက်တာခက်အောင်၏ ဇနီးက ဆိုသည်။

ပုဒ်မ ၅၅ ဆိုသည်မှာ နိုင်ငံရေးရာထူး လက်ရှိဖြစ်သူ သို့မဟုတ် နိုင်ငံရေးရာထူး လက်ရှိဖြစ်ခဲ့စဉ်က မည်သူမဆို အဂတိ လိုက်စားမှု ကျူးလွန်ကြောင်း ပြစ်မှုထင်ရှားပါက စီရင်ခြင်းခံရလျှင် ထိုသူကို (၁၅) နှစ်ထက် မပိုသော ထောင်ဒဏ် ချမှတ်ရမည့်အပြင် ငွေဒဏ်လည်း ချမှတ်နိုင်သည်ဟု အဂတိလိုက်စားမှု တိုက်ဖျက်ရေး ဥပဒေထဲတွင် ပြဋ္ဌာန်းထားသည်။ လက်ရှိအချိန်တွင် ဝန်ကြီးချုပ်ကို မိသားစုဝင်များ အနေဖြင့် ထောင်ဝင်စာတွေ့နိုင်ရန် ထောင်ပိုင်းများ၊ တာဝန်ရှိသူများနှင့်တိုင်ပင်ညှိနှိုင်း ဆောင်ရွက်နေ ကြောင်းလည်း  ဝန်ကြီးချုပ် ဇနီးက ပြောသည်။

ဝန်ကြီးချုပ် ဒေါက်တာခက်အောင်သည် လက်ရှိအချိန်၌ အသက် (၇၆) နှစ်ရှိပြီဖြစ်ပြီး စစ်ကောင်စီအစိုးရက ခန့်အပ်ထားသည့် လက်ရှိ ကချင်ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန်၏ အဖေတူအမေကွဲ အစ်ကိုလည်း ဖြစ်သည်။  ဝန်ကြီးချုပ်ဦးခက်ထိန်နန်က အစ်ကိုဖြစ်သူ ဒေါက်တာခက်အောင် ကြုံရသည့် ကိစ္စနှင့်ပတ်သက်ပြီး “ဒီဖြစ်စဉ်က နိုင်ငံရေးပြောင်းလဲမှုမှာ ဖြစ်သွားတဲ့ အဖြစ်အပျက်တွေဖြစ်ပါတယ်။ အဲဒီတော့ မိသားစု၊ ညီအစ်ကို ဖြစ်လို့ ဖြစ်နိုင်သလောက် အချင်းချင်း ချစ်မြတ်နိုးပြီး၊ ဖြစ်နိုင်သလောက် ဟိုမှာနေတဲ့အချိန် သန့်သန့်ရှင်းရှင်း နေနိုင်အောင်၊ အစားအသောက်လည်း ကျန်းမာရေးနဲ့ညီညွတ်အောင် စားသောက်နိုင်ဖို့ ဖြစ်နိုင်သလောက် ကြည့်ရှု ကူညီနေပါတယ်။” ဟု မြစ်ကြီးနားသတင်းဂျာနယ်သို့ပြောသည်။

ထို့အပြင် အစ်ကိုဖြစ်သူ ဝတ်ပြုဆုတောင်း နိုင်ရန်အတွက်လည်း သင်းအုပ်ဆရာများ၊ ကသလစ် ဘုန်းတော်ကြီးများ သွားရောက် ဆုတောင်းနိုင်ရန် သက်ဆိုင်ရာနှင့် ညှိနှိုင်းဆောင်ရွက်ပေးနေကြောင်းနှင့် ကောင်းမွန်စွာနေထိုင်နိုင်ရန် ကူညီပေးနေကြောင်း ဝန်ကြီးချုပ်ဦးခက်ထိန်နန်က ဆက်လက် ပြောကြားခဲ့သည်။

ဝန်ကြီးချုပ်ဦးခက်ထိန်နန်သည် ၂၀၁၀ ခုနှစ် အထွေထွေရွေးကောက်ပွဲတွင် အမျိုးသားလွှတ်တော် ကချင်ပြည်နယ်မဲဆန္ဒနယ်(၁) မှ စည်းလုံးညီညွတ်ရေးနှင့် ဒီမိုကရေစီပါတီ ကိုယ်စားယှဉ်ပြိုင်ပြီး အနိုင်ရခဲ့သူလည်းဖြစ်သည်။ ၂၀၂၀ ရွေးကောက်ပွဲ၌လည်း NLD အစိုးရသည် မဲအများဆုံးနှင့်အနိုင်ရရှိခဲ့ပြီး နောက်ထပ်အစိုးရသစ်ဖွဲ့ရန် သေချာသည့် အခြေအနေတွင် စစ်ကောင်စီက အာဏာသိမ်းရန် အနိုင်ရပါတီကို ရွေးကောက်ပွဲမသမာမှု ပြုလုပ်သည်ဟု စွပ်စွဲကာ နိုင်ငံကို အာဏာသိမ်းယူခဲ့ကြပြီး ဝန်ကြီးချုပ်နှင့် ဝန်ကြီးများကို ရွေးကောက်ပွဲကိစ္စနှင့်ပတ်သက်ပြီး ဖမ်းဆီးခဲ့ကြကြောင်းနှင့် ဖမ်းဆီးခဲ့သည့် အကြောင်းရာနှင့် တရားစွဲဆိုသည့် အကြောင်းအရာသည် ကိုက်ညီမှု မရှိကြောင်း CRPH အဖွဲ့ဝင် NLD မိုးကောင်းလွှတ်တော်အမတ် ဦးဝင်းနိုင်က ယခုကဲ့သို့ မှတ်ချက်ပြု ဖြေကြားခဲ့သည်။

“စဖမ်းကတည်းက အဂတိမှုနဲ့ဖမ်းတယ်ဆိုရင်တော့ အထူးအထွေ ပြောစရာမလိုဘူး။ စဖမ်းတုန်းကတော့ ရွေးကောက်ပွဲကိစ္စနဲ့ ဖမ်းတယ်။ ဖမ်းပြီးတော့မှ မဆိုင်တဲ့ ဥပဒေတွေတပ်တယ်။ အမှုစတည်ဆောက်ကတည်း ကိုက မမှန်မကန် တည်ဆောက်တာဖြစ်တဲ့အတွက် ပြစ်ဒဏ်ချတယ် ဆိုတာကလည်း ကြိုတင်စီစဉ်ထားတဲ့ ဇာတ်ညွှန်းအတိုင်း သွားတယ်လို့ပဲမြင်တယ်။ တရားခြင်း၊ မတရားခြင်း ဆိုတာ အထူးအထွေတောင် ပြောစရာမလိုတော့ဘူး၊” ဟု ဦးဝင်းနိုင်က ဆိုသည်။

ကချင်ပြည်နယ် ဝန်ကြီးချုပ်နှင့်အတူ ကျန်ပြည်နယ်ဝန်ကြီးများလည်း အဂိလိုက်မှု ဥပဒေများဖြင့် ထောင်ဒဏ်အသီးသီး ချမှတ်ခံထားရသည်။

LEAVE A REPLY

Please enter your comment!
Please enter your name here