စစ်ကောင်စီမှ အဂတိမှုဖြင့် တရားစွဲဆိုထောင်ချထားသည့် ပြည်နယ် စီမံဘဏ္ဍာဝန်ကြီး ဦးဝေလင်း၏ အမှုများ

1363
ပြည်နယ် စီမံဘဏ္ဍာ ဝန်ကြီး ဦးဝေလင်း

ဧပြီ ၂၈

စစ်ကောင်စီမှ မြစ်ကြီးနား အကျဉ်းထောင်တွင် ဖမ်းဆီးထိန်းသိမ်းထားသည့် ကချင်ပြည်နယ် ဘဏ္ဍာ၊ အခွန်၊ စီမံကိန်းနှင့် စီးပွားရေးဝန်ကြီး ဦးဝေလင်းကို အဂတိလိုက်စားမှု ဥပဒေ ပုဒ်မ ၅၅ ဖြင့် အမှုပေါင်း (၆) မှုအတွက် ကချင်ပြည်နယ် တရားလွှတ်တော်က ထောင်ဒဏ် (၉) နှစ် ချမှတ်ခဲ့သည်။

ဝန်ကြီးကို စစ်ကောင်စီက အာဏာသိမ်းပြီးနောက်ပိုင်း ရွေးကောက်ပွဲမသမာမှုဖြင့် ဖမ်းဆီးခဲ့ပြီးနောက် အဂတိမှု (၆) မှုဖြင့် တရားစွဲဆို၍ ထောင်ဒဏ်ချမှတ်ခဲ့ခြင်းဖြစ်သည်။

စစ်ဆေးတွေ့ရှိချက်အရ အမှုအမှတ်စဉ် (၁)တွင် ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာခက်အောင် နှင့် ပြည်နယ်ဝန်ကြီး ဦးဝေလင်း တို့သည် ၂၀၁၉-၂၀၂၀ဘဏ္ဍာရေးနှစ်တွင် မြေမြင့်ရပ်ကွက်၊ တပ်ကုန်း ရပ်ကွက်နှင့် ဒူကထောင်ရပ်ကွက်တို့ အတွင်း ကတ္တရာလမ်း သစ်ခင်းခြင်း၊ ကွန်ကရစ် တံတားနှင့် ကွန်ကရစ်ရေပြွန်တည်ဆောက်ခြင်း လုပ်ငန်းသုံးခုတို့အတွက် စုစုပေါင်းတန်ဖိုး ငွေကျပ် ၂၄၈ (သိန်းပေါင်း ၂၄၈၀) သန်းကျော်အား နိုင်ငံတော်သမ္မတရုံး၏ ညွှန်ကြားချက်အမှတ် ၁/၂၀၁၇ တင်ဒါလုပ်ထုံး လုပ်နည်းနှင့်အညီ တင်ဒါခေါ်ယူဆောင်ရွက်မှုမရှိဟု ဆိုကာ တစ်ဦးလျှင် ထောင်ဒဏ် (၃) နှစ်စီချမှတ်ခဲ့သည်။

အမှုအမှတ်စဉ်(၂)တွင် ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာခက်အောင်နှင့် ပြည်နယ်ဝန်ကြီး ဦးဝေလင်း တို့သည် ကချင် ပြည်နယ်အစိုးရအဖွဲ့ရုံး၊ ဧည့်ဂေဟာ နှစ်ထပ်ဆောင် ဆောက်လုပ်ရာတွင်၂၀၁၈-၂၀၁၉ ဘဏ္ဍာနှစ် ပြည်နယ်အထွေထွေ ပိုလျှံရန်ပုံငွေ(General Reserve Fund- GRF) မှ သုံးစွဲခွင့်မရှိသည့် ငွေကျပ် ၁၄၉၃ ( ၁၄၉၃၀ သိန်း) သန်းကျော်ကို ဘဏ္ဍာရေးစည်းမျဉ်းစည်းကမ်း နှင့် ကိုက်ညီမှုမရှိဘဲ ဆောင်ရွက်ခဲ့ခြင်းကြောင့် နိုင်ငံတော်၏ငွေကြေးများ နစ်နာဆုံးရှုံးစေခဲ့သည်ဟုဆိုကာ တစ်ဦးလျှင် ထောင်ဒဏ် (၃) နှစ်စီချမှတ်သည်။

အမှုအမှတ်စဉ်(၃)တွင် ဒေါက်တာခက်အောင်၊ ဦးဝေလင်းနှင့် ဦးလဆိုင်း(ခ) ဦးဒါရှီလဆိုင်း တို့သည် ၂၀၂၀ ပြည့်နှစ်အတွင်း ဖမ်းဆီးရမိသည့် သလင်းကျောက် တန်ချိန် (၁၀၀၀၀) အား ရောင်းချခဲ့ရာတွင် နိုင်ငံတော်သမ္မတရုံး၏ ညွှန်ကြားချက်အမှတ် ၁/၂၀၁၇ တင်ဒါလုပ်ထုံးလုပ်နည်းနှင့် အညီ ဆောင်ရွက်မှု မရှိဘဲ တစ်တန်လျှင် ကျပ် (၃၆၀၀၀) ဖြင့် ဈေးနှုန်းလျှော့၍ ကုမ္ပဏီနှစ်ခုအား တန် (၅၀၀၀) စီ ခွဲဝေ ရောင်းချခဲ့ရာ နိုင်ငံတော်ဘဏ္ဍာငွေ ကျပ်သန်း ၂၄၀ နစ်နာဆုံးရှုံးစေခဲ့ခြင်း၊ ပြည်ထောင်စုအစိုးရ အဖွဲ့ရုံး၏ အမိန့်ကြော်ငြာစာအမှတ်(၇၀/၂၀၂၀) အရ သလင်းကျောက် ရောင်းချရရှိငွေ၏၂၀ ရာခိုင်နှုန်း ငွေကျပ် (၇၂) သန်းကို ပြည်ထောင်စု ဘဏ္ဍာရန်ပုံငွေသို့ ပေးသွင်းမှုမရှိခြင်းတို့ကြောင့် နိုင်ငံတော် ဘဏ္ဍာငွေများ ဆုံးရှုံးစေခဲ့သည်ဟုဆိုကာ တစ်ဦးလျှင် ထောင်ဒဏ် (၃) နှစ်စီ ထပ်မံချမှတ်ခဲ့သည်။

အမှုအမှတ် (၄) တွင် ဒေါက်တာခက်အောင်၊ ဦးဝေလင်းနှင့် ဦးဝင်းညွန့်တို့သည် ၂၀၁၇-၂၀၁၈ ဘဏ္ဍာရေးနှစ် မူလလျာထားချက်တွင် ပါရှိခြင်းမရှိသည့် မြစ်ကြီးနား- ဗန်းမော်လမ်း AC ကတ္တရာ ထပ်ပိုးလွှာခင်းခြင်း (၂၃) မိုင်လုပ်ငန်းကို နိုင်ငံတော်သမ္မတရုံး၏ ညွှန်ကြား ချက်အမှတ် ၁/၂၀၁၇ နှင့်အညီ တင်ဒါခေါ်ယူ ဆောင်ရွက်ခြင်းမရှိဘဲ နိုင်ငံတော်သို့ အပ်နှံရမည့် ငွေကျပ်သန်း ၁၁၀၀၇ ဒသမ ၀၀၉ ဖြင့် ပုဂ္ဂလိက ကုမ္ပဏီတစ်ခုအား လုပ်ငန်းဆောင်ရွက်ခွင့်ပြုခဲ့ခြင်း၊ QC အဖွဲ့၏ စစ်ဆေးချက်အရ လမ်းအရည် အသွေးမပြည့်မီသဖြင့် ပြန်လည်ပြုပြင်ရခြင်း၊ စာချုပ် စည်းကမ်းနှင့်အညီ ဆောင်ရွက်မှုမရှိခြင်း တို့ကြောင့် နိုင်ငံတော်၏ ငွေကြေးကို နစ်နာဆုံးရှုံး စေခဲ့သည်ဟုဆိုက တစ်ဦးလျှင်ထောင်ဒဏ် ၃ နှစ်ချမှတ်ခဲ့သည်။

အမှုအမှတ်စဉ် (၅) တွင် ပြည်နယ်ဝန်ကြီးဦးဝေလင်းကို ၂၀၂၀ ပြည့်နှစ်အတွင်း မိုးကောင်းမြို့နယ် (NLD) ပါတီရုံးအဆောင်အဦး ဆောက်လုပ်ရန် ပုဂ္ဂလိက ကုမ္ပဏီ (၃) ခုက စုစုပေါင်း ငွေသိန်း ၃၀၀ ထည့်ဝင်လှူဒါန်းခဲ့သည့် ဖြစ်စဉ်သည် နိုင်ငံရေးရာထူးလက်ရှိဖြစ်စဉ်က ရာထူးအာဏာကို အလွဲသုံးစားလုပ်သည်ဟုဆိုကာ ထောင်ဒဏ် (၃) နှစ်ချမှတ်ခဲ့သည်။

အမှုအမှတ်စဉ် (၆)တွင် ပြည်နယ်ဝန်ကြီး ဦးဝေလင်းသည် ၂၀၁၉ ခုနှစ် အတွင်း ဝိုင်းမော်-ဆဒုံး-ကန်ပိုက်တီးလမ်းတွင် ဖမ်းဆီးရမိသော ဓာတ်မြေဩဇာများ လေလံတင် ရောင်းချ ရရှိငွေကျပ် (၅၂၅) သန်းကျော်အနက် ဖမ်းဆီးရာတွင်ပါဝင်သော အဖွဲ့များအား ဆုကြေး ငွေ ခွဲဝေ ပေးရာတွင်ကျပ် (၁၅၇၅) သိန်းကျော်ကို စုကြေးငွေထဲမှ ကုန်သွယ်ရေးဝန်ကြီးဌာနနှင့် အကောက်အခွန် ဝန်ကြီးဌာနကို ကျပ်သိန်း (၅၀၀) စီခွဲဝေးပေးပြီးနောက် ၎င်းအတွက် ငွေကျပ် ၅၇ သန်း ကျော်အား ဥပဒေနှင့်မညီဘဲ အကျိုးခံစားခွင့်ရယူခဲ့ပြီး ကချင်ပြည်နယ် အစိုးရအဖွဲ့ကို မည်သို့ ခွဲဝေခံစားထားကြောင်း တင်ပြထားခြင်းနှင့် မှတ်တမ်းမှတ်ရာ ပြုလုပ်ရန် ပျက်ကွက်သည်ဟု ဆိုကာ ထောင်ဒဏ် ၃ နှစ်ချမှတ်ခဲ့သည်။

ထို့ကြောင့် ပြည်နယ်ဝန်ကြီး ဦးဝေလင်းသည် အမှု(၆) မှုအတွက် စုစုပေါင်းထောင်ဒဏ် (၁၈) နှစ်ချမှတ်ခံရသော်လည်း ပူးတွဲချခံရသည့် ထောင်ဒဏ်များရှိသည့်အတွက် အမှန်တကယ်ကျခံရမည့် ထောင်ဒဏ်သည် ၉ နှစ်ဖြစ်သည်။

ဝန်ကြီးဦးဝေလင်းသည် ၂၀၁၅ ခုနှစ်က မိုးကောင်းမြို့နယ် မဲဆန္ဒနယ် အမှတ်(၁) အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်(NLD) ပါတီကိုယ်စားပြု ယှဉ်ပြိုင်အနိုင်ရရှိခဲ့သူဖြစ်သည်။

အထက်ပါအချက်အလက်များသည် တရားရုံးနှင့် နီစပ်သူများ၊ ဦးဝေလင်းနှင့် နီးစပ်သူများအား မေးမြန်းထားခြင်း ဖြစ်ပါသည်။

 

LEAVE A REPLY

Please enter your comment!
Please enter your name here