ငွေပျော်စံပြကျေးရွာက ဆွေးမြေ့ပျက်စီးနေသည့် စစ်ဘေးရှောင်နေအိမ်များအား ပြုပြင်ပေးမည်

520
ဧပြီ ၂၆
ကချင်ပြည်နယ်၊ မြစ်ကြီနားမြို့၊ ငွေပျော်စံပြကျေးရွာက ရာသီဥတုကြောင့် ဆွေးမြေ့ပျက်စီးနေတဲ့ စစ်ဘေးရှောင်တွေရဲ့ နေအိမ်တွေကို ဒီနှစ်အတွင်း ပြုပြင်ပေးသွားမှာ ဖြစ်တယ်လို့ သိရပါတယ်။

နော်ဝေဒုက္ခသည်များဆိုင်ရာကောင်စီ (NRC) ကနေ သူတို့သတ်မှတ်ထားတဲ့ စံနှုန်းနဲ့ ကိုက်ညီမှုရှိတာတွေကိုရွေးပြီး ဒီနှစ်အတွင်းမှာ နေအိမ်အလုံး ၆၀ ကို ပြုပြင်ပေးသွားမယ်လို့ ငွေပျော်စံပြကျေးရွာ အုပ်ချုပ်ရေးမှူး ဦးသောင်းဆာက ပြောပါတယ်။

“မိသားစုစားဝတ်နေရေးအဆင်မပြေတော့ နေအိမ်တွေက မပြုပြင်နိုင်တာကတစ်ကြောင်း၊ အဲဒါကို NRC အဖွဲ့ကနေပြီးမှ သူတို့ကစစ်တမ်းတွေလိုက်ကောက်တာ ကျွန်တော်တို့ကျေးရွာအုပ်ချုပ်ရေးမှူးအဖွဲ့တွေနဲ့ ကွင်းဆင်းကြည့်ပြီးမှ အမှန်တကယ်အရေးကြီးတဲ့ အပိုင်းတွေကို ပြန်ရွေးချယ်ပြီးတော့မှ လုပ်ပေးတာပေါ့။”လို့ ဦးသောင်းဆာက ဆိုပါတယ်။

လွန်ခဲ့တဲ့ ၂၀၁၃ ခုနှစ်မှာ စစ်ရှောင်တွေကို ပြောင်းရွှေ့နေရာချထားဖို့ ၈ ပေပတ်လည် အိပ်ခန်းနှစ်ခန်း၊ ဧည့်ခန်းနဲ့ မီးဖိုချောင် အခန်းတွေပါရှိပြီး ပျင်(ကညင်သစ်သား)နဲ့ ဆောက်လုပ်ထားတဲ့ ခြေတိုင်ရှည်အိမ် အလုံး ၃၀၀ လောက်ကို အမြန်ဆောက်ပြီးတော့ ၂၀၁၄ ခုနှစ်ကတည်းက နေထိုင်ခဲ့ကြတာ ဖြစ်ပါတယ်။

ငွေပျော်စံပြကျေးရွာနေ အသက် ၆၀ ကျော် အမျိုးသမီးကြီးတစ်ဦးကလည်း “ကျွန်မအိမ်လည်းပြင်ရမယ်။ ခေါင်မိုးတွေအကုန်လုံး ပေါက်သွားတယ်။ မိုးသီးကျလို့ ခေါင်းမိုးတွေများများ ပေါက်သွားတယ်။” လို့ပြောပါတယ်။

တစ်အိမ်လုံးဖြုတ်ပြီး ပြင်ပေးတာမျိုးမဟုတ်ဘဲ ပျက်စီးသွားတဲ့နေရာတွေကို အစားထိုးပြင်ဆင်ပေးတာဖြစ်ပြီး ၂၀၂၁ ခုနှစ်ကလည်း နေအိမ် ၄၂ လုံးပြုပြင်ပေးခဲ့တယ်လို့ သိရပါတယ်။

ဒါ့အပြင် မိုးရာသီရောက်တဲ့အခါ တောင်ကျရေကြောင့် ရွာအတွင်းရေလွှမ်းတာတွေလည်း ဖြစ်တတ်တဲ့အတွက် ရေစီးရေလာ ကောင်းမွန်းဖို့ ရေနုတ်မြောင်းတွေကို စနစ်တစ်ကျ ဖောက်လုပ်ပေးစေလိုတယ်လို့ ငွေပျော်စံပြကျေးရွာ ဒေသခံတွေက တောင်းဆိုကြပါတယ်။

ကျေးရွာအတွင်းပြောင်းရွှေ့နေထိုင်ကြတဲ့ စစ်ရှောင်တွေရဲ့ မိသားစုစားဝတ်နေရေး အဆင်ပြေစေနိုင်ဖို့အတွက် ရင်းနှီးမတည်ငွေတွေကို လူမှုအဖွဲ့အစည်းတွေနဲ့ အစိုးရအဖွဲ့တွေကနေ ကူညီထောက်ပံ့ပေးဖို့ ကျေးရွာအုပ်ချုပ်ရေးမှူးက ငွေပျော်စံပြကျေးရွာ ဒေသခံတွေ ကိုယ်စားတောင်းဆိုပါတယ်။

လက်ရှိအချိန် ငွေပျော်စံပြကျေးရွာအတွင်း အိမ်ခြေ ၄၈၅ အိမ်၊ လူဦးရေ ၂၅၀၀ ကျော် နေထိုင်နေကြပြီဖြစ်ပြီး ဒီနှစ်အတွင်းမှာ နောက်ထပ်နေအိမ်အလုံးပေါင်း ၆၀၀ ကျော်ကို စစ်ကောင်စီက ဆောက်လုပ်ပြီး ဝိုင်းမော်နဲ့ မြစ်ကြီးနားမြို့မှာရှိတဲ့ စစ်ရှောင်တွေကို ထပ်မံပြောင်းရွှေ့ပေးဖို့ လုပ်ဆောင်နေပြီလို့ သိရပါတယ်။

LEAVE A REPLY

Please enter your comment!
Please enter your name here