ရွှေတူးဖော်မှု၏ နောက်ဆက်တွဲဆိုးကျိုးအဖြစ် ဒေသခံနှင့်ကလေးငယ်များ ဝမ်းဗိုက်ဆိုင်ရာပြဿနာများ ခံစားလာရ

18

ကချင်ပြည်နယ်၊ မိုးညှင်းမြို့နယ်၊အင်းတော်ကြီးဒေသမှာ ရွှေတူးဖော်မှုရဲ့ နောက်ဆက်တွဲဆိုးကျိုးအနေနဲ့ ရေခန်းခြောက်လာတဲ့အပြင် သန့်ရှင်းတဲ့ရေမရရှိတာကြောင့် ဒေသခံတွေနဲ့ ကလေးသူငယ်တွေ ဝမ်းဗိုက်ဆိုင်ရာ ပြဿနာအမျိုးမျိုးကို ခံစားနေကြရပါတယ်။

အိမ်ထောင်စု ၇၀၀ ခန့်ရှိပြီး လူဦးရေ ၂,၅၀၀ လောက်ရှိတဲ့ မိုးညှင်းမြို့နယ်၊ အင်းတော်ကြီးဒေသက ညောင်ပင်ကျေးရွာမှာ ကလေးသူငယ်တွေဟာ ဗိုက်အောင့်ဗိုက်နာ၊ ဝမ်းပျက်ဝမ်းလျှောတာနဲ့ အော့အန်တာတွေကို ခံစားနေကြရပြီလို့ ညောင်ပင်ကျေးရွာဒေသခံ အမျိုးသားတစ်ဦးက ပြောပါတယ်။

“ရေကြောင့်ပဲ ဗိုက်အောင့်တာဖြစ်နိုင်တယ်လို့ထင်တယ်။ ရေက အစကလိုမျိုး မလောက်တော့ဘူးလေ။ နည်းနည်းလေးပဲရှိတာကို သောက်ကြတာ။ အရင်က ဒီလောက်မဖြစ်ဘူး။ ရေမသန့်တော့လို့ထင်တယ်။” လို့ ဒေသခံကဆိုပါတယ်။

ကလေးအယောက် ၁,၀၀၀ လောက်ရှိတဲ့ ညောင်ပင်ကျေးရွာမှာ ၁၀ နှစ်အောက် ကလေးသူငယ် ၂၀ ရာခိုင်နှုန်းဟာ ဝမ်းပိုင်းဆိုင်ရာပြဿနာတွေနဲ့ ကြုံတွေ့ခံစားနေကြရတာဖြစ်တယ်လို့ ဒေသခံတွေဆီကနေ သိရပါတယ်။

အင်းတော်ကြီးဒေသမှာ အာဏာသိမ်းပြီးနောက်ပိုင်း ရွှေတူးဖော်မှုလုပ်ငန်းကို စက်ယန္တရားကြီးတွေနဲ့ တွင်တွင်ကျယ်ကျယ် တူးဖော်နေပြီး ကျေးရွာလမ်းမကြီးနံဘေးတွေထိပါ သွပ်တွေကာရံပြီးတော့ တူးဖော်နေကြတယ်လို့ ဒေသခံတွေက ဆိုပါတယ်။

ရွှေတူးဖော်မှုလုပ်ငန်းတွေကြောင့် ဘုံဘိုင်ရေ၊ တွင်းရေတွေဟာ နံလာပြီး မြစ်၊ ချောင်းတွေမှာ ရွံ့ရေတွေအဖြစ် စီးဆင်းနေတယ်လို့ ဆိုပါတယ်။

အဲဒီဒေသဘက်က မမုံကိုင်ကျေးရွာနဲ့ လုံးတုံကျေးရွာကြားက နန့်ရင်းခါချောင်းဟာ ရွှေတူးထားတဲ့ နွံတွေဝင်ရောက်သွားတာကြောင့် ရေလမ်းကြောင်းပြတ်တောက်သွားတာမျိုးတွေ ဖြစ်နေတယ်လို့ ဒေသခံတွေဆီကနေ သိရပါတယ်။

“ရွာထဲမှာတွေဆိုရင် ရေကသောက်ဖို့တောင် မရှိတော့ဘူး။ ရေချိုးရင်လည်း သူများတွေဆီ သွားချိုး။ ရေတွေလုသောက်ရမလိုတောင် ဖြစ်နေပြီ”လို့ ညောင်ပင်ကျေးရွာ ဒေသခံက ပြောပါတယ်။

အခုလို စက်ယန္တရားကြီးတွေနဲ့ ရွှေတူးဖော်နေတာကြောင့် ကချင်ပြည်နယ် တစ်ပြည်နယ်လုံးက ရေအရင်းအမြစ်တွေဟာ အင်မတန်မှ ထိခိုက်ပျက်စီးလာနေပြီလို့ ကချင်ပြည်နယ်အတွင်းမှာရှိတဲ့ သဘာဝပတ်ဝန်းကျင်နဲ့ပတ်သက်ပြီး သုတေသနပြုလုပ်နေသူတွေက ပြောဆိုနေကြပါတယ်။

“နိုင်ငံရေးအပြောင်းအလဲ ဖြစ်လာတဲ့အချိန်ကစပြီး နားလည်မှုဆိုတဲ့ခေါင်းစဉ်နဲ့ ရွှေရှိတဲ့ မြစ်၊ ချောင်း၊ အင်း၊ အိုင်တွေအားလုံးကို တူးဖော်ပေးလိုက်ပြီလေ။ အဲဒီတော့ ရေတွေက ခက်လာပြီ။ ရေမှာရှိရမယ့် သက်ရှိတွေအကုန် သေကုန်ပြီလေ။” လို့ ကချင်ပြည်နယ်အတွင်းက သဘာဝပတ်သယံဇာတနဲ့ ပတ်သက်ပြီး သုတေသန ပြုလုပ်နေသူအမျိုးသားတစ်ဦးက ပြောပါတယ်။

လက်ရှိမှာတော့ လုံးတုံကျေးရွာဘက်က သုံးရေတွေဟာ နံလာတဲ့အပြင် ရေခန်းခြောက်တာကြောင့် ဒေသခံတွေ ရေသိုလှောင်နေကြရတယ်လို့ ဆိုပါတယ်။

ဒါ့အပြင် ရွှေကျင်တဲ့အချိန်မှာ အသုံးပြုကြတဲ့ ပြဒါးတွေဟာ မမုံကိုင်ကျေးရွာက ရေတွေမှာ ပါရှိနေပြီဖြစ်တယ်လို့ လုံးတုံကျေးရွာဒေသခံ အမျိုးသားတစ်ဦးက ပြောပါတယ်။

“ရွှေမှာသုံးတဲ့ ပြဒါးအဆိပ်က အကုန်လုံးမှာ သင့်မယ်လို့တော့ တွေးထားတယ်။ ရေနောက်တာတောင်ရောက်မှတော့ ရွာတွေက သိပ်မဝေးကြဘူးလေ။ ဟိုမမုံကိုင်ဆိုရင် ရွာခြံစည်းရိုးနားမှာကို တူးပြီလေ” လို့ အထက်ပါလုံးတုံကျေးရွာဒေသခံက ဆိုပါတယ်။

သောက်သုံးရေတွေနံလာတဲ့ လုံးတုံကျေးရွာဟာ အိမ်ထောင်စု ၄၀၀ ကျော်ရှိတဲ့ကျေးရွာဖြစ်ပြီး အသက် ၅ နှစ်အောက် ကလေးငယ် ၂၀၀ လောက်ရှိတယ်လို့ သိရပါတယ်။

ရွှေတူးဖော်နေကြတဲ့ အင်းတော်ကြီးဒေသက လုံးတုံးကျေးရွာမှာ သင်္ကြန်ကာလအတွင်း ရွှေတူးဖော်မှု ၃ ရက်လောက်ရပ်နားလိုက်တဲ့အချိန် ရေပြန်လည်ကြည်လင်လာတာ တွေရှိတယ်လို့ ဒေသခံတွေက ပြောပါတယ်။

ကချင်ပြည်နယ်အတွင်းမှာရှိတဲ့ သဘာဝပတ်ဝန်းကျင်နဲ့ပတ်သက်ပြီး သုတေသနပြုလုပ်နေသူတစ်ဦးရဲ့ ပြောပြချက်အရ ပြဒါးအဆိပ်ရှိ၊ မရှိရေတွေကို စမ်းသပ်ချက်ပြုလုပ်သင့်ကြောင်းနဲ့ ၀ ဒဿမ ၀၀၁ ရာခိုင်နှုန်းအထက်မှာ ပြဒါးပါရှိနေပြီဆိုရင် ပြဒါးအဆိပ်သင့်တဲ့ရေဖြစ်ကြောင်း နိုင်ငံတကာက သတ်မှတ်ထားတယ်လို့ သိရပါတယ်။

ပြဒါးအဆိပ်သင့်တဲ့ရေကို သုံးစွဲမိရင် ကျောက်ကပ်ရောဂါ၊ ကိုယ်လက်အင်္ဂါမစုံတဲ့ကလေးသူငယ်တွေ မွေးဖွားလာနိုင်တဲ့အပြင် အရာဝတ္ထုတွေကိုင်တဲ့အချိန် လက်မမြဲတော့ဘဲ အကြောအားနည်းတဲ့ ရောဂါမျိုးတွေ ဖြစ်လာနိုင်တယ်လို့ သုတေသနပြုလုပ်သူတွေက ဆိုပါတယ်။

အလားတူ ချီဖွေမြို့နယ်ဘက်မှာလည်း မြေရှားသတ္တုတူးဖော်မှုတွေကြောင့် မြို့နယ်အတွင်းက တချို့ကျေးရွာတွေမှာ ရေရှားပါးမှုပြဿနာနဲ့ ကြုံတွေ့နေကြရပြီလို့ ဒေသခံတွေကပြောပါတယ်။

လူဦးရေ ၉,၀၀၀ နီးပါးနေထိုင်တဲ့ ကချင်ပြည်နယ် အရှေ့မြောက်ပိုင်းက ချီဖွေမြို့နယ်၊ ပန်ဝါမြို့မှာ အရင်က ခန်းခြောက်လေ့မရှိတဲ့ရေတွေ ခန်းခြောက်လာနေတာကြောင့် ရေသန့်တွေကို ဝယ်ယူသုံးစွဲနေကြရပြီး မတတ်နိုင်တဲ့သူတွေအနေနဲ့ ရရှိတဲ့ရေကိုသာ ဖြစ်သလို အသုံးပြုနေကြရတယ်လို့ ဒေသခံတစ်ဦးက ဆိုပါတယ်။

“ရေမသန့်တော့တဲ့အတွက် လူမှာတော့ ရောဂါက ဖြစ်လာမှာပဲလေ။ ဘယ်လိုဖြစ်နေပြီဆိုတာကို ပြောပြဖို့ ခက်ခဲတဲ့အခြေအနေဖြစ်နေတာပဲရှိတယ်” ပန်ဝါဒေသခံတစ်ဦးက ပြောဆိုပါတယ်။

ဒေသခံတွေအနေနဲ့ သယံဇာတတူးဖော်မှုတွေကြောင့် ဆိုးကျိုးတွေကို လက်ရှိအချိန်မှာ မျက်ဝါးထင်ထင် တွေ့မြင်ခံစားနေကြရပြီဖြစ်တာကြောင့် ရွှေတူးဖော်မှုတွေနဲ့ မြေရှားသတ္တုတူးဖော်မှုတွေကို အမြန်ဆုံး ရပ်တန့်စေလိုတယ်လို့ ဒေသခံတွေက ပြောဆိုနေကြပါတယ်။

သုံးရေမလောက်ငှတော့ဘဲ ရေကောင်းမရတော့တဲ့ အင်းတော်ကြီးဒေသက ဒေသခံတွေအနေနဲ့ ရွှေတူးဖော်မှုတွေကို အမြန်ဆုံးရပ်တန့်ပေးဖို့ မျှော်လင့်နေကြတဲ့အပြင် လက်ရှိသုံးစွဲနေတဲ့ရေတွေကို စမ်းသပ်ချက်တွေပြုလုပ်ပေးစေလိုပြီး ကလေးသူငယ်တွေအတွက် ကျန်းမာရေးအထောက်အပံ့တွေ ရနိုင်ဖို့လည်း မျှော်လင့်နေကြပါတယ်။

LEAVE A REPLY

Please enter your comment!
Please enter your name here