ဇူလိုင်၊ ၂
စစ်ကောင်စီရဲ့ လေကြောင်းကနေ ဗုံးကြဲတိုက်တာကြောင့် အာဏာသိမ်း ၄ နှစ်ကျော်ကာလအတွင်း နာမည်နဲ့တကွ အတည်ပြုနိုင်တဲ့ သေဆုံးပြည်သူ ၁,၅၀၅ ယောက် ရှိတယ်လို့ နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (AAPP) ရဲ့ အချက်အလက်တွေအရသိရပါတယ်။
ဒါဟာ ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလ ၁ ရက်နေ့ကနေ ၂၀၂၅ ဇွန်လ ၃၀ ရက်နေ့အထိ စာရင်းတွေဖြစ်ပြီး အတည်ပြုဖို့လိုတဲ့ ပြည်သူ အရေအတွက်ကလည်း အနည်းဆုံး ၁,၃၄၉ ယောက် ရှိတယ်လို့ AAPP က ဆိုပါတယ်။
အတည်ပြုနိုင်တဲ့ သေဆုံးပြည်သူအရေအတွက်ထဲမှာတော့ စစ်ကိုင်းတိုင်းက အယောက် ၅၂၀ နဲ့ အများဆုံးဖြစ်ပြီး ဒုတိယအများဆုံးအဖြစ် ရခိုင်က ၂၇၂ ယောက်၊ တတိယအများဆုံးအဖြစ် ရှမ်းပြည်နယ်က ၁၅၉ ယောက်ဖြစ်တယ်လို့ သိရပါတယ်။
ကချင်ပြည်နယ်မှာတော့ လေကြောင်းဗုံးကြဲမှုကြောင့် သေဆုံးသွားတဲ့ နာမည်နဲ့တကွ အတည်ပြုနိုင်တဲ့ ပြည်သူကတော့ ၆၉ ယောက် ဖြစ်ပြီး အဲဒီအချက်အလက်တွေဟာ လက်တွေ့မြေပြင်မှာတော့ ပိုများနိုင်တယ်လို့လည်း AAPP က ဆိုပါတယ်။
ကချင်ပြည်နယ်မှာတော့ ၂၀၂၂၊ အောက်တိုဘာ ၂၃ ရက်နေ့တုန်းက စစ်ကောင်စီရဲ့ လေကြောင်း တိုက်ခိုက်မှုကြောင့် ဖားကန့်မြို့နယ်၊ အနန့်ပါဒေသမှာ KIA စစ်သားနဲ့ အရပ်သားပြည်သူအပါအဝင် စုစုပေါင်း လူ ၆၂ ယောက်သေဆုံးခဲ့ဖူးသလို ၂၀၂၃ ၊ အောက်တိုဘာ ၉ ရက်နေ့မှာတော့ မုန်လိုင်ခက် စစ်ရှောင်စခန်းတိုက်ခိုက်ခံရတာကြောင့် ပြည်သူ ၂၉ ယောက်သေဆုံးခဲ့ဖူးပါတယ်။
စစ်ကောင်စီရဲ့ လေကြောင်းကနေ ပြည်သူလူထုကို ဗုံးကြဲတာတွေကတော့ ၂၀၂၃ ခုနှစ်ကနေ စတင်မြင့်တက်ခဲ့တာ ဖြစ်ပါတယ်။
နှစ်အလိုက်သေဆုံးမှုတွေမှာတော့ အတည်ပြုနိုင်တဲ့ပြည်သူနဲ့ အတည်မပြုနိုင်တဲ့ပြည်သူ စုစုပေါင်းဟာ ၂၀၂၃ ခုနှစ်မှာ ၄၉၄ ယောက်၊ ၂၀၂၄ ခုနှစ်မှာတော့ ၁,၄၁၇ ယောက်နဲ့ အခု ၂၀၂၅ ခုနှစ်မှာတော့ ၈၇၂ ယောက် ရှိနေတယ်လို့ သိရပါတယ်။
အခုအချိန်မှာတော့ စစ်ကောင်စီဟာ လေကြောင်းကနေ ပြည်သူလူထုကို ရဟတ်ယာဉ်၊ တိုက်လေယာဉ်တွေနဲ့သာမက ဒရုန်းတွေ၊ စက်တက်လေထီးတွေ၊ ဈေးနှုန်းသက်သာတဲ့ Gyrocopter လို့ခေါ်တဲ့ ယာဉ်တွေနဲ့ပါ ဗုံးကြဲနေတာဖြစ်ပါတယ်။