နိုဝင်ဘာ၊ ၁
ရှမ်းပြည်နယ်မြောက်ပိုင်း၊ ကွမ်လုံမြို့နယ်ထဲက ကံမိုင်းဒေသအခြေချ ခလရ (၁၄၃) တပ်ရင်းဟာ လက်နက်ချပြီး အလင်းဝင်လာတယ်လို့ ညီနောင်မဟာမိတ် ၃ ဖွဲ့က ဒီနေ့ ထုတ်ပြန်လိုက်ပါတယ်။
အလင်းဝင်လာသူ စုစုပေါင်း ၄၁ ယောက်ဖြစ်ပြီး အဲဒီထဲမှာ ဒုတပ်ရင်းမှူး ၁ ယောက်နဲ့ တပ်ခွဲ့မှူး ၂ ယောက်ပါတယ်လို့ ဆိုပါတယ်။
အလင်းဝင်လာတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင် ၄၁ ယောက်ကို လမ်းစရိတ် တစ်ယောက်ကို ၁၅ သိန်းစီပေးပြီး လွတ်ငြိမ်းချမ်းသာခွင့်ပေးလိုက်တယ်လို့ သိရပါတယ်။
“ဒါကိုကြည့်ခြင်းအားဖြင့် စစ်ကောင်စီတပ်၏ အတွင်းပိုင်းဟာ လုံးဝပျက်စီးနေပြီး ပြိုကွဲမည့်အခြေအနေသို့ ရောက်ရှိနေပြီ”လို့လည်း MNDAA ရဲ့ ရှေ့တန်းအရာရှိတစ်ယောက်က ပြောပါတယ်။
အဲဒီအလင်းဝင်တဲ့ တပ်ရင်းဆီကနေ ရိုင်ဖယ်သေနတ် (၂၇) လက်၊ စက်လက် (၅) လက်၊ RPG (၂) လက်၊ Sniper (၁) လက်၊ စက်လက်အကြီး (၂) လက်၊ Type -82 စိန်ပြောင်း (၁) လက်၊ ၆၀မမ စိန်ပြောင်း (၂) လက်အပြင် ဗုံးသီးမျိုးစုံ ၅၀၀ နီးပါးနဲ့ တခြားဆက်စပ်ပစ္စည်းတွေကို သိမ်းနိုင်ခဲ့တယ်လို့ သိရပါတယ်။
အဲဒီတပ်ရင်းကို အလင်းဝင်ဖို့အတွက် အောက်တိုဘာ ၂၈ ရက်နေ့မှာ စတင်ပြောဆိုခဲ့ပြီး ၂၉ ရက်နေ့မှာ တစ်နေ့လုံး ဆွေးနွေးခဲ့တယ်လို့ သိရပါတယ်။
ဆွေးနွေးချိန် တော်လှန်ရေးအဖွဲ့တွေဘက်က စစ်သုံ့ပန်းမူဝါဒကို တစ်စိုက်မတ်မတ်လိုက်နာပြီး စစ်သုံ့ပန်းတွေကို သဘောထားကြီးကြီးနဲ့ ပြုစုစောင့်ရှောက်မယ်လို့လည်း ပြောဆိုခဲ့ပြီး အောက်တိုဘာ ၃၀ ရက်နေ့မှာတော့ စစ်ကောင်စီဘက်က တပ်ဖွဲ့ဝင်တွေ အလင်းဝင်ခဲ့တာ ဖြစ်တယ်လို့ သိရပါတယ်။
ညီနောင် ၃ ဖွဲ့ဟာ အွန်လိုင်းလောင်းကစား လိမ်လည်မှုပပျောက်ရေးနဲ့ စစ်အာဏာရှင်အမြစ်ပြတ်ရေးအတွက်ဆိုပြီး ၁၀၂၇ နာမည်နဲ့ စစ်ဆင်ရေးကို အောက်တိုဘာ ၂၇ ရက်နေ့မနက် ၄ နာရီအချိန် ရှမ်းပြည်နယ်မြောက်ပိုင်းမှာ စတင်ခဲ့တာဖြစ်ပြီး မနေ့ကအထိ စစ်ကောင်စီရဲ့ စခန်းကြီးစခန်းငယ် ၈၀ ကျော်ကို တိုက်ခိုက်သိမ်းပိုက်ထားပြီး ဖြစ်ပါတယ်။
Photo – The Kokang







