မေ၊၁၁
ကချင်လွတ်လပ်ရေးအဖွဲ့အစည်း (KIO) ထိန်းချုပ်နယ်မြေ၊ မိုင်ဂျာယန်မြို့မှာ ဖွင့်လှစ်ထားတဲ့ ဖက်ဒရယ်ဥပဒေ အကယ်ဒမီကျောင်းကနေ နွေဦးတော်လှန်ရေးမှာ ပါဝင်လှုပ်ရှားသူတွေနဲ့ တိုင်းရင်းသားခုခံစစ်ဆင် အဖွဲ့အစည်းက လူငယ်တွေအတွက် ပညာသင်ကြားခွင့်ရရှိစေဖို့ သီးခြားစဉ်းစားပေးသွားမှာ ဖြစ်တယ်လို့ သိရပါတယ်။
လာမယ့် ၂၀၂၃ – ၂၄ ပညာသင်နှစ်အတွက် အခြေခံပညာ အထက်တန်းကျောင်းအောင်မြင်ပြီးတဲ့အပြင် နွေဦးတော်လှန်ရေးမှာပါဝင်ပြီး ပြည်တွင်း တက္ကသိုလ်တစ်ခုခုကနေ CDM ပြုလုပ်ထားတဲ့ လူငယ်တွေနဲ့ တိုင်းရင်းသားခုခံစစ်ဆင်အဖွဲ့အစည်းတွေ အုပ်ချုပ်တဲ့ဒေသက လူငယ်တွေအတွက် သီးခြားစဉ်းစားပေးသွားမှာ ဖြစ်တယ်လို့ မြစ်ကြီးနားသတင်းဂျာနယ်က ဆက်သွယ်မေးမြန်းခဲ့တဲ့အချိန် ပြန်လည်ဖြေကြားခဲ့တာ ဖြစ်ပါတယ်၊
” တိုင်းရင်းသားခုခံစစ်ဆင် အဖွဲ့အစည်းများနှင့် နွေဦးတော်လှန်ရေးတွင် ပါဝင်လှုပ်ရှားနေကြသည့် လူငယ်များအတွက် သီးခြားစဉ်းစားပေးမည်” လို့ ဖြေကြားခဲ့တာပါ။
ဖက်ဒရယ်ဥပဒေအကယ်ဒမီကျောင်းဟာ ၂ နှစ်တက်ရောက်ရတဲ့ ဥပဒေဒီပလိုမာဖြစ်ပြီးတော့ အသက် ၁၈ နှစ်အထက်နဲ့ အသက် ၃၅ နှစ်အောက်ရှိရမှာဖြစ်ပြီး အခြေခံပညာ အထက်တန်းအောင်မြင်ပြီးစီးကြောင်း လက်မှတ်၊ တက္ကသိုလ်/ ကောလိပ်တစ်ခုခုကနေ ရရှိထားတဲ့ ဘွဲ့လက်မှတ်၊ ဒီပလိုမာလက်မှတ်တို့ ရရှိထားသူတွေ တက်ရောက်ခွင့်ရှိတဲ့ ကျောင်းဖြစ်ပါတယ်။
ဖက်ဒရယ်ဥပေဒအကယ်ဒမီကျောင်းမှာ လူမျိုးဘာသာမရွေး တက်ရောက်နိုင်မှာဖြစ်ပြီးတော့ ဥပဒေစိုးမိုးရေး၊ ဖွဲ့စည်းပုံအခြေခံဥပဒေ၊ ဖက်ဒရယ်စနစ်၊ လွတ်လပ်သည့်တရားစီရင်ရေး၊ မျှတသည့်စစ်ဆေးစီရင်မှု၊ နိုင်ငံတကာလူ့အခွင့်အရေးဥပဒေများ၊ နိုင်ငံတကာလူသားချင်း စာနာထောက်ထားသည့်ဥပဒေ၊ နိုင်ငံတကာပြစ်မှုဆိုင်ရာဥပဒေ၊ မြေယာဥပဒေ၊ ဓလေ့ထုံးတမ်းဥပဒေ၊ ပြစ်မှုဆိုင်ရာဥပဒေများ၊ တရားမမှုဆိုင်ရာဥပဒေ အစရှိတဲ့ ဥပဒေဘာသာရပ် ၂၂ ခုကို သင်ကြားခွင့်ရမှာဖြစ်ပါတယ်။
ဖက်ဒရယ်ဥပဒေ အကယ်ဒမီကျောင်းတက်ရောက်ပြီးတဲ့နောက် အနိမ့်ဆုံးအနေနဲ့ ဥပဒေအကြံပေးသူအဖြစ် လုပ်ကိုင်နိုင်မှာဖြစ်တဲ့အပြင် လူထုအသင်းအဖွဲ့တွေနဲ့ ဥပဒေအဖွဲ့အစည်းတွေမှာလည်း ဝင်ရောက်လုပ်ကိုင်နိုင်မှာဖြစ်ပြီးတော့ အနာဂတ်ဖက်ဒရယ်ပြည်ထောင်စုရဲ့ အဖွဲ့ဝင် ပြည်နယ်တွေရဲ့ တရားစီရင်ရေးယန္တရားတွေမှာ ဝင်ရောက်တာဝန်ထမ်းဆောင်နိုင်ဖို့ မျှော်မှန်းလေ့ကျင့်သင်ကြားပေးနေတာ ဖြစ်တယ်လို့ သိရပါတယ်။
ဖက်ဒရယ်ဥပဒေအကယ်ဒမီကျောင်းရဲ့ ရည်ရွယ်ချက်ဟာ ဥပဒေစိုးမိုးရေး အခြေခံကနေ လူ့အခွင့်အရေးကို ဦးတည်ပြီး လွတ်လပ်တရားမျှတ ငြိမ်းချမ်းတိုးတက်တဲ့ ဖက်ဒရယ်ပြည်ထောင်စု ပေါ်ထွန်းလာရေးအတွက် ဖြစ်တယ်လို့ ဆိုပါတယ်။
တစ်နှစ်ကို ကျောင်းသူ/ကျောင်းသား လူဦးရေ ၇၀ ဝန်းကျင် လက်ခံသင်ကြားနေတာ ဖြစ်ပြီးတော့ ကျောင်းစရိတ်နဲ့ နေထိုင်စားသောက်စရိတ်အပါ စုစုပေါင်း တစ်နှစ်ကို ၄၇၀၀ ယွမ် (မြန်မာကျပ်ငွေ ၁၈ သိန်းခန့် ) ကုန်ကျမှာ ဖြစ်တယ်လို့လည်း သိရပါတယ်။
မိုင်ဂျာယန်မြို့မှာ ဖက်ဒရယ်ဥပဒေအကယ်ဒမီကျောင်းအပြင် မိုင်ဂျာယန်ကောလိပ်၊ Institute of Education (IED)၊ Institude of Liberal Arts and Sciences (ILAS) အစရှိတဲ့ တက္ကသိုလ်တွေမှာလည်း မိမိကြိုက်နှစ်သက်ရာ ဘာသာတွေကို ပညာဆည်းပူးခွင့်ရှိတယ်လို့ KIO ပညာရေးပိုင်းဆိုင်ရာ တာဝန်ရှိသူတစ်ဦးက မြစ်ကြီးနားသတင်းဂျာနယ်ကို ပြောပါတယ်။
KIO ပညာရေးပိုင်းကနေ တိုက်ရိုက်ဖွင့်လှစ်ထားတဲ့ကျောင်းကတော့ Institude of Education (IED) ကျောင်းတစ်ကျောင်းသာဖြစ်ပြီး အဲဒီကျောင်းဟာ ဆရာအတတ်သင်ကျောင်း ဖြစ်တာနဲ့အညီ တိုင်းရင်းသားတွေရဲ့ ပညာရပ်ရေးကို ခေတ်နဲ့အညီ သင်ကြားပို့ချပေးနိုင်ဖို့ ရည်ရွယ်တာဖြစ်တယ်လို့ KIO ပညာရေးပိုင်းဆိုင်ရာ တာဝန်ရှိသူက ပြောပါတယ်။
ကျန်တဲ့ကျောင်းတွေကတော့ ရပ်မိရပ်ဖတွေနဲ့ သက်ဆိုင်ရာအဖွဲ့အစည်းတွေကနေ ဖွင့်လှစ်ထားတာ ဖြစ်ပါတယ်။
“ တစ်ခြားကျောင်းတွေကို ဖွင့်ပေးတာကလည်း ခေတ်မှီတိုးတက်တဲ့ ပညာရေးကို ကိုယ့်ဒေသကိုယ့်နေရာမှာနေပြီး သင်ယူခွင့်ရရှိအောင်ဆိုတဲ့ ရည်ရွယ်ချက်နဲ့ ဖွင့်တာဟုတ်တယ်” လို့ အထက်ပါတာဝန်ရှိသူက ဆိုပါတယ်။
ကျောင်းတစ်ကျောင်းနဲ့တစ်ကျောင်း ဝင်ခွင့်ခေါ်ယူတဲ့အချိန် တူညီမှုမရှိတဲ့အပြင် လျှောက်ထားပုံခြင်းလည်း မတူဘူးလို့ဆို ပါတယ်။
မိမိတို့ တက်ရောက်အောင်မြင်ခဲ့တဲ့ အခြေခံပညာအထက်တန်းကျောင်း အမှတ်စာရင်းအလိုက် ခွဲခြားတာမျိုးမဟုတ်ပဲ ကျောင်းဝင်ခွင့်ကိုသာ ဖြေဆိုရမှာဖြစ်တယ်လို့ သိရပါတယ်။
လက်ရှိ KIO ထိန်းချုပ်နယ်မြေအတွင်း ဖွင့်လှစ်ထားတဲ့ တက္ကသိုလ်ကျောင်းတွေမှာ ပညာသင်ကြားနေတဲ့ ကျောင်းသူကျောင်းသား တစ်ထောင်ကျော်ခန့်ရှိတယ်လို့လည်း သိရပါတယ်။
ဓါတ်ပုံ- Federal Law Academy Page







