ခေါင်လန်ဖူးမြို့နယ်က စစ်ကောင်စီနဲ့ ဦးတန်ဂူးတန်ရဲ့ ပြည်သူ့စစ် ပူးပေါင်းစခန်းကို တော်လှန်ရေးပူးပေါင်းအဖွဲ့က တိုက်ခိုက်သိမ်းပိုက်

230

 

ဇန်နဝါရီ ၈

ကချင်ပြည်နယ်၊ ပူတာအိုခရိုင်၊ ခေါင်လန်ဖူးမြို့နယ်ရှိ ခန်ခီဒမ်းရွာက စစ်ကောင်စီခလရ ၁၃၈ ကတပ်သားတွေနဲ့ ဦးတန်ဂူးတန်ရဲ့ ပြည်သူ့စစ်တပ်သားတွေ စုပေါင်းပြီးတော့ နယ်မြေကာကွယ်တဲ့သဘောနဲ့ စခန်းချနေထိုင်နေတဲ့ စစ်စခန်းကို တော်လှန်ရေးမဟာမိတ်ပူးပေါင်းတပ်ဖွဲ့က တိုက်ခိုက် သိမ်းပိုက်ယူနိုင်ခဲ့ပြီလို့ ရှေ့တန်းရောက် ပူးပေါင်းတပ်ဖွဲ့တွေဆီက သိရပါတယ်။

အဲဒီစခန်းကို ဇန်နဝါရီလ ၂ ရက်နေ့ကတည်းက ထိုးစစ်ဆင်တိုက်ခိုက်ခဲ့တာဖြစ်ပြီး ဇန်နဝါရီလ ၆ ရက်နေ့လယ် ၁၂ နာရီခွဲ မှာ အပြီးသတ်တိုက်ခိုက်သိမ်းယူနိုင်ခဲ့တာ ဖြစ်တယ်လို့ ရှေ့တန်းရောက် KIA တပ်ဖွဲ့ဝင်တစ်ဦးက မြစ်ကြီးနားသတင်းဂျာနယ်ကို ပြောပါတယ်။

“အဲဒီဘက်မှာတော့ သူတို့ရဲ့ နောက်ဆုံးစခန်းဟုတ်တယ်။ ပူတာအိုမြို့၊ မချမ်းဘော့မြို့တွေနဲ့လည်း အရမ်းဝေးတယ်။ သူတို့က အဲဒီမှာ နယ်မြေကာကွယ်ပြီး အရင်က ခန်ခီးဒမ်းရွာဟောင်းဟုတ်တယ်။ အဲဒီရွာဟောင်းမှာ သူတို့ထိုင်ပြီး နယ်မြေကာကွယ်တဲ့သဘောနဲ့ ထိုင်နေတာဟုတ်တယ်။”လို့ အထက်ပါတပ်ဖွဲ့ဝင်က ဆိုပါတယ်။

တိုက်ခိုက်ရက် ၅ ရက်အတွင်းမှာ စစ်ကောင်စီဘက်က လေကြောင်းနဲ့ တိုက်ခိုက်တာတွေ ရှိခဲ့တဲ့အတွက် တော်လှန်ရေးမဟာမိတ်ပူးပေါင်းတပ်ဖွဲ့က တပ်သားအယောက် ၂၀ ကျော်လောက် ထိခိုက်ဒဏ်ရာရ ရှိခဲ့တာကြောင့် တပ်ပြန်ဆုတ်ခဲ့ရတဲ့ အခြေအနေတွေရှိခဲ့ပေမဲ့ အင်အားပြန်လည်ဖြည့်တင်းပြီး တိုက်ခိုက်ချိန်မှာတော့ စခန်းကို သိမ်းယူနိုင်ခဲ့ကြတာဖြစ်တယ်လို့ သိရပါတယ်။

စခန်းကို တိုက်ခိုက်သိမ်းယူပြီးနောက်မှာတော့ စစ်ကောင်စီခလရ ၁၃၈ တပ်သားတွေကတော့ သူတို့ တပ်ရင်းရှိတဲ့နေရာကို ပြန်သွားကြပြီလို့လည်း သိရပါတယ်။

ခန်ခီဒမ်းရွာဟာ ၂၀၁၁ ခုနှစ်က ပြန်လည်ဖြစ်ပွားလာတဲ့ KIAနဲ့ စစ်တပ်တို့ တစ်ကျော့ပြန်တိုက်ပွဲကြောင့် ဒေသခံပြည်သူအားလုံး စွန့်ခွာခဲ့တဲ့ ရွာဟောင်းတစ်ခုဖြစ်ပြီး အဲဒီနောက်ပိုင်း စစ်ကောင်စီတပ်နဲ့ ပြည်သူ့စစ်တပ်တွေ ပူးပေါင်းပြီး စခန်းချနေထိုင်နေတာလည်း ဖြစ်ပါတယ်။

အထက်ပါတပ်စခန်းကို ကချင်လွတ်လပ်ရေးတပ်မတော် (KIA)၊ တပ်မဟာ (၁)၊ တပ်ရင်း (၇)၊ ခါကာဘိုပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့၊ ပြည်သူ့ကာကွယ်ရေးအဖွဲ့တွေ ပူးပေါင်းပါဝင်တဲ့ တော်လှန်ရေးမဟာမိတ်ပူးပေါင်းတပ်ဖွဲ့က ထိုးစစ်ဆင်တိုက်ခိုက်ခဲ့တာဖြစ်ပါတယ်။

 

LEAVE A REPLY

Please enter your comment!
Please enter your name here